မုံရွာမြို့မှာ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ သေဆုံး
**********
ထွယ်
ဇွန် ၄၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက် စက်မှုဇုန်သို့ ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မုံရွာခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်မတော်တပ်ရင်း – ၄ ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys တို့က ကြားဖြတ်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦးသေဆုံးကာ သေနတ် (၂) လက်နှင့် ကျည်အချို့ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး လိုက်ပါလာသည့်ကားသည် မုံရွာမြို့၊ မြို့တော်ခန်းမမှ ထွက်လာခြင်းဖြစ်ပြီး စက်မှုဇုန်၊ သမစိတ္တလမ်းအနီးတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု မုံရွာခရိုင် အမှတ် – ၄ တပ်ရင်း Chindwin Attack Force ၏ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ကားပေါ် ရှိ သေနတ်တက်ယူစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ တန်ပြန်ပစ်ခတ်သဖြင့် ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိကာ စိုးရိမ်ရသည်ဟု ၎င်းက ဆက်ပြောသည်။
“နေ့စဉ်ကင်းပတ်ပြီး ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို အမြဲငွေညှစ်တောင်းခံနေတာ။ အဲ့ကားကို စောင့်ကြို တိုက်ခိုက်ခဲ့တာ၊ စစ်ကောင်စီကား မီးလောင်ပျက်စီးသွားတယ်။ မီးလောင်သွားတဲ့ကားတော့ ကရိန်းနဲ့ လာဆွဲ သွားတယ်။ အလောင်းတွေလည်း သူတို့ဘာသာ လာသယ်သွားတယ်” ဟု ပြောသည်။
အခင်းဖြစ်ပွားရာအနီးမှ ဓာတ်ဆီဆိုင်အပါအဝင် ဆိုင်ခန်း ၃ ခန်းမီးလောင်ပျက်စီးခဲ့ပြီး တပ်ကူရောက်လာသည့် စစ် ကောင်စီတပ်များမှ ဒေသခံအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက် ကို ပြောသည်။
“အခင်းဖြစ်တဲ့ပတ်ချာလည်က လူတွေ ခေါ်သွားတာ။ ပတ်ဝန်းကျင်က ပြောတာတော့ ၃၀ လောက်ရှိတယ်ပြောတယ်။ အတိအကျတော့ ကျွန်မ မမြင်လိုက်ရဘူး” ဟု ပြောသည်။
အခင်းဖြစ်ပွားရာအနီးမှ ဒေသခံအချို့ ဖမ်းဆီးခံခြင်းနှင့်ပတ်သက်၍ သံလွင်ခက်အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ် သည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်တွင်လည်း မုံရွာမြို့၊ မြို့ပတ်လမ်းတွင် အိမ်စီးကားဖြင့် လှည့်ကင်းနေသည့် ရဲလေးဦးတိုက် ခိုက်ခံရပြီး သေဆုံးခဲ့သည်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်ထံက တိုက်ခိုက်၍ ရရှိခဲ့သည့် သေနတ်နှင့် ကျည်အချို့။
****
Telegram – > https://t.me/ThanLwinKhetNews/4728
YouTube -> https://youtu.be/KwSXeUzdSnI?si=IYEm8j7oervYx5q0
Website -> https://thanlwinkhet.net/?p=10347