မိုးမိတ်နှင့် နောင်ချိုရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဒရုန်းဖြင့်ဗုံးကြဲ
***************
သံလွင်ခက်
ဇွန် ၁၇၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်နှင့် နောင်ချိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဒရုန်း ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသည်ဟု တအာင်းအမျိုးသားတပ်မတော် (TNLA) က ယနေ့တွင် ထုတ် ပြန်သည်။
နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇွန်လ ၁၆ ရက်၊ ညနေပိုင်းတွင် ဘန့်ဘွေကျေးရွာမှ ဆမ္မဆယ်ရွာသို့ ဒရုန်းဖြင့် ဗုံး(၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုနောက် ညနေ(၄)နာရီတွင်လည်း အုမ္မတီးနှင့် အုမ္မခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သုံးဆယ်ကျေးရွာ (၈) ရပ်ကွက်သို့ လက်နက်ဖြင့် (၂)ကြိမ် ထပ်မံပစ်ခတ်ခဲ့သည်။
ထိုအပြင် ဇွန်လ(၁၅)ရက်၊ ည ၉ နာရီခွဲမှ ၁၂ နာရီအထိ မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒိုပင်ကျေးရွာသို့ ဦးတည်ကာ လက်နက်ကြီး (၆)ကြိမ်၊ နောင်ချိုမြို့ နယ် အုမ္မတီးနှင့် အုမ္မခါးလမ်းခွဲမှနေ၍ ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး (၈)လုံး ပစ်ခတ်ခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာများသို့ ဒရုန်းနှင့်လက်နက်ကြီးများ ပစ်ခတ်နေသည့်အတွက် ကျေးရွာ ဒေသခံအချို ဘေးလွတ်ရာသို့ တိမ်းရှောင်နေထိုင်ခဲ့ကြရသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက် ညပိုင်းတွင်လည်း နောင်ချိုမြို့နယ် အုမ္မတီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များက သုံးဆယ်ရွာဘက်သို့ လက်နက်ကြီး (၃) ကြိမ်ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဇွန်လ (၁)ရက်မှ (၁၆)ရက်အထိ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲဝင်များက ဒရုန်းဖြင့် ဗုံး(၄)လုံးနှင့် လက်နက်ကြီး (၄၂)ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု TNLA က ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။
ထိုကဲသို့ နောင်ချို ၊ မိုးမိတ်စသည့်မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့စဉ် လက်နက်ကြီး ပစ်ခတ်မှုပြုလုပ် နေခြင်းသည် ဟိုင်ဂင်သဘောတူစာချုပ်ချိုးဖောက်ပြီး ပြဿနာဖြစ်အောင်ဖော်ဆောင်နေသည့် လုပ်ရပ်ဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4808
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10547