မောင်တောအနီး စစ်ကောင်စီစခန်းများအား အေအေ ထိုးစစ်ဆင်တော့မည်/
ဒေသခံပြည်သူများ ယနေ့ည အမြန်ဆုံးထွက်ခွာရန် တိုက်တွန်းပြောဆို
ဇွန် ၁၆၊ သံလွင်ခက်
ရခိုင်ပြည်နယ်အတွင်း မြို့အများစုအား သိမ်းပိုက်ထားသော အာရက္ခတပ်တော်(AA)က မောင်တောမြို့နှင့် အနီးတဝိုက်ရှိစစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဟု ယနေ့ညဦးပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
မောင်တောမြို့သူ၊ မြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးအပ်သည်ဟု ပါဝင်သည်။
အေအေအနေဖြင့် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ စခန်းအားလုံးနီးပါးအား ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ်သိမ်းပိုက်ထားပြီးသည့်အပြင် လက်ကျန်စခန်းများအားလုံးကိုလည်း ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသဖြင့် ပြည်သူလူထုတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် ယနေ့ ဇွန်လ ၁၆ ရက်၊ ည ၉ နာရီအချိန်မှစတင်ပြီး မြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ အသိပေးကြောင့် အဓိကထားရေးသားထားသည်။
ဓါတ်ပုံ – ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အေအေသိမ်းပိုက်သည့် စစ်ကောင်စီစခန်း(AA Info Desk)
****
Telegram – > https://t.me/ThanLwinKhetNews/4809
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.com/?p=9180