စစ်ကောင်စီဂျက်ဖိုက်တာ ဗုံးကြဲသဖြင့် တောင်ကုတ်ဒေသခံ ငါးဦးသေဆုံး
**************
ခင်သရဖီဦး
ဇွန် ၁၈၊၂၀၂၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ပန်းတင်းကျွန်းရှိ ကံဆိပ်ကျေးရွာကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲသဖြင့် အရပ်သားငါးဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ဂျက်ဖိုက်တာ ရုတ်တရက်လာရောက်ပြီး နှစ်ကြိမ်ဗုံး ကြဲချသည့်အတွက် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားသုံးဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
“ရွာထဲကို တည့်တည့်ချသွားတာပါ။ နေအိမ်တွေနဲ့မှာကျတယ်။ ဂျက်ဖိုက်တာနဲ့ ရုတ်တရက် နှစ်ခေါက် လာချတာ” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် ယင်းကျေးရွာမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။
“ရွာကလူတွေက ပြေးနေကြတယ်။ အရင်က မြို့ဘက်က လူတွေလည်း စစ်ရှောင်တွေရှိတာ။ ရေတပ်ကကျွန်းတစ်လျှောက် နေဗီ (ရေတပ်)နဲ့လည်း အခုထိ ပစ်နေတာရှိတယ်” ဟု ယင်းဒေသခံက ဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်ကလည်း တောင်ကုတ်မြို့နယ် ဝက်ကျိတ်အုပ်စု၊ ရွာသစ်ကယ်ရွာအား စစ်တပ်က ညအချိန် လေယာဥ်ဖြင့် ပစ်ခတ်၍ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးမှာ ဝမ်းဗိုက်တွင် ကျည်စထိမှန်၍ သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့အကြား ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့မှစ၍ တောင်ကုတ်မြို့နယ်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ပုံစာ – တောင်ကုတ်မြို့နယ် ပန်းတင်းကျွန်းရှိ ကံဆိပ်ကျေးရွာမှ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ
****
Telegram – > https://t.me/ThanLwinKhetNews/4818
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.com/?p=9207