တောင်ငူမြို့ သာသနာနယ်မြေအတွင်းက စစ်ရှောင်များ အခြေခံစားနပ်ရိက္ခာများလိုအပ်
********************
နန်းဆုပန်ခန့်
ဇွန် ၁၈၊ ၂၀၂၄
ပဲခူးတိုင်း၊ တောင်ငူမြို့ သာသနာနယ်မြေများတွင် ခိုလှုံနေကြသည့် ဒေသခံစစ်ရှောင်များအတွက် အခြေခံစားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည်ဟု စစ်ရှောင်နှင့် လူမှုကူညီကယ်ဆယ်ရေးများထံက သိရသည်။
တိုက်ပွဲမကြာခဏဖြစ်ပွားသည့် ကျောက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မုန်းမြို့နယ်မှ ကျေးရွာတချို့အပြင် တောင်ငူမြို့ဝန်းကျင်မှ ကျေးရွာဒေသခံ ၁,၀၀၀ ကျော်သည် တောင်ငူမြို့သာသနာနယ်မြေများသို့ စစ်ရှောင်လာသည်မှာ တစ်နှစ်ကျော်ဝန်းကျင်ရှိပြီဟု ပရဟိတအသင်းတချို့ဆီမှ သိရသည်။
“ဒီမှာက စစ်ရှောင်စခန်းမရှိတော့ ဘုန်းကြီးကျောင်းတိုင်းမှာ စစ်ရှောင်တွေမရှိတဲ့ ဘုန်းကြီးကျောင်းက မရှိသလောက်ပဲ။ သာသနာပိုင်နယ်မြေတွေမှာ စစ်ရှောင်တွေကိုထားပေးတာဗျ။ ၁၉ နှစ်ခြင်းဌာနကျောင်းတို့၊ ဦးဇင်းကျောင်းမှာဆိုရင်လည်း တဲတွေထိုးပေးထားတယ်၊ အခက်အခဲကတော့ရှိတယ်။ လူအများကြီးကိုခေါ်ထားတာဆိုတော့လေ” ဟု ရွှေမင်းဝင်အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးပရဟိတအသင်းမှ ဆရာတော်တစ်ပါးမှ မိန့်ကြားသည်။
ထိုစစ်ရှောင်စခန်းများတွင် အခြေခံစားသောက်ကုန်များအပြင် ခြင်ထောင်များလိုအပ်နေသည်ဟု ထန်းတစ်ပင်မြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာရှိ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“အခုကလည်း မိုးရာသီရောက်ပြီးဆိုတော့ ခြင်တွေကကိုက်တယ်ဗျ။ ခြင်ထောင်မလုံလောက်ဘူး” ဟု ၎င်းကဆိုသည်။
ရွှေမင်းဝင်ဘုန်းကြီးကျောင်းတွင် စစ်ရှောင်အိမ်ထောင်စု ၇၃ စုနှင့် လူဦးရေ ၃၀၀ ကျော်ရှိသည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။
ပုံစာ- တောင်ငူမြို့ စကားကျောင်းရှိ နေရပ်ရှောင်ပြည်သူများ/ ဓာတ်ပုံ- ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးပရဟိတအသင်း