သံလွင်ခက်
ဇွန် ၂၀ ၊ ၂၀၂၄။
ဒီကနေ့ ဇွန် ၂၀ ရက်နေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်ခံခဲ့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ၁ သန်းနီးပါးအခြေအနေနဲ့ လတ်တလောရခိုင်ပြည်အတွင်းက တိုက်ပွဲတွေကြောင့် ထပ်တိုးလာတဲ့ ဒုက္ခသည်အခြေအနေတွေကို ရိုဟင်ဂျာလွတ်မြောက်ရေးညွှန့်ပေါင်းအဖွဲ့၊ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ ရိုနေဆန်းလွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
သံလွင်ခက် – လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်အရေးဟာ ဘယ်အခြေအနေမှာရှိလဲ။
ရိုနေဆန်းလွင် – ဘင်္ဂလားဒေရှ့် နိုင်ငံမှာရှိတဲ့ ဒုက္ခသည်တွေ၊ နောက်ပြီးတော့ စစ်တွေ၊ မြေပုံ၊ ပေါက်တောအစရှိတဲ့ မြို့ တွေမှာ ၁၂ နှစ်ကြာ ပိတ်စို့ခံထားရတဲ့ ဒုက္ခသည်တွေ၊ အခုလတ်တလော ထပ်တိုးလာတဲ့ ဒုက္ခသည်တွေဟာ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ နေရပါတယ်။ သူတို့အခြေအနေက ဘာမှတိုးတက်လာတာမရှိဘူး။ အာဏာမသိမ်းခင်ကလည်း ဒီအတိုင်းပဲ၊ အာဏာ သိမ်းပြီးတော့ အခြေအနေက ပိုဆိုးလာတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီကနေ နိုင်ငံတကာအဖွဲ့အစည်းတွေကို တင်းကြပ်လာတာပိုများလာတယ်။ တစ်ချို့နေရာတွေမှာဆိုရင် ပေါက်တောလိုနေရာမျိုးမှာဆိုရင် လွန်ခဲ့တဲ့ နိုဝင်ဘာလတုန်းက နိုင်ငံတကာအဖွဲ့အစည်းတွေက ဒုက္ခသည်အထောက် အပံ့မရတာတွေ အများကြီးရှိတယ်။ ဒီလိုကြောင့် အခက်အခဲတွေ အများကြီးရှိပါတယ်။
အခု စစ်ကောင်စီနဲ့ ရခိုင့်တပ်တော်-AA အကြားမှာဖြစ်တဲ့ တိုက်ပွဲ၊ နောက်ပြီးတော့ ဘူးသီးတောင်မှာဆိုရင် စစ်ကောင်စီ ထွက်သွားပြီးနောက် AA က မီးရှို့လိုက်လို့ ထွက်လာတဲ့ ဒုက္ခသည်၊ ဒါဆိုရင်လည်းတော်တော်လေးကို များနေပြီ။
သံလွင်ခက် – ရိုဟင်ဂျာဒုက္ခသည်တွေ လက်တလော ကြုံတွေ့နေရတဲ့ အခက်အခဲက ဘာဖြစ်မလဲ။
ရိုနေဆန်းလွင် – လတ်တလောကြုံတွေ့နေရတဲ့ ပြဿနာကတော့ အခြေခံကျတဲ့ လိုအပ်ချက်တွေဖြစ်တဲ့ အစားအသောက်တို့၊ နောက်ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်တာတွေ ဒါတွေကတော့ ဘာမှ မရသေးပါဘူး။ ဘူးသီးတောင်နဲ့ မောင်တောမှာ ကြုံတွေ့နေရတာတွေရှိတယ်။ ဘူးသီးတောင်မှာဆိုရင် AA က စစ်တိုက်မယ်ဆိုပြီး မောင်းထုတ်လိုက်တဲ့ လူတွေဟာ အခုဆိုရင် တစ်လခွဲ လောက်ရှိပြီ။ သူတို့ဆိုရင်လည်း ဘယ်သူမှ ထောက်ပံ့တာမရှိဘူး။ နေဖို့ထိုင်ဖို့ခက်ခဲတာတွေရှိတယ်။ ဘူးသီးတောင်မှာဆိုရင် အခုဆိုရင် တစ်လရှိပြီ။ ဒုက္ခသည် နှစ်သိန်းလောက် ဒုက္ခရောက်နေတာတွေရှိတယ်။ အစားအသောက်လည်းမရောက်သေးဘူး။ နောက်ပြီး အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ဆေးဝါးလိုအပ်ချက်တွေ ဘာမှရရှိတာမရှိလို့ တော်တော်လေးကို ဒုက္ခပေါင်းစုံနဲ့ ကြုံ တွေ့နေရတယ်။
သံလွင်ခက် – လက်ရှိ ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ လက်တွေ့ကျတဲ့ ဖြေရှင်းမှုက ဘာတွေရှိမလဲ။ ဘယ်လောက်အတိုင်းအတာအထိ သူတို့ဖြေရှင်းတာမျိုး မြင်ရလဲ။
ရိုနေဆန်းလွင် – လက်ရှိ ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဘာမှ လက်တွေ့ကျတာမရှိသေးပါဘူး။ ရိုဟင်ဂျာအရေးပြောရမယ်ဆိုရင် ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည် တစ်သန်းကျော်ကို ပြန်ခေါ်လာမယ် ပြောနေတာ ၂၀၁၇ ထဲကပါ။ NLD အစိုးရလက်ထပ်ကတည်းကပါ။ အာဏာသိမ်းပြီးတဲ့နောက်မှာလည်း ပြန်ခေါ်လာမလိုလိုနဲ့ ပုံစံပေါင်းစုံလုပ်ခဲ့တယ်။ တကယ်တမ်းမှာ ဒါတွေက ဖြစ်လာခြင်းမရှိပါဘူး။ နိုင်ငံတကာကလာတဲ့ ဖိအားတွေကို ရှောင်ရုံ၊ လျော့ချရုံသက်သက်သာ ပြောဆိုနေခြင်းဖြစ်တယ်။ တကယ့်လက်တွေ့မှာ ဘာမှဖြေရှင်းမှုမရှိဘူး။ ပြည်တွင်းဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးပြောရရင် မူရင်းနေရပ်ပြန်ရေးကိုပြောတဲ့အခါ သူတို့လုပ်ပေးတာ ဘာမှမရှိဘူး။ သူတို့ကို ဒုက္ခသည်စခန်းကနေ ဝေးလံတဲ့ ဒေသတွေကို ပို့ဖို့သာကြိုးစားနေတာဖြစ်တယ်။ လက်တွေ့ကျတဲ့ဖြေရှင်းမှုက နဂိုမူလနေရာကိုပြန်ခွင့်ပေးဖို့နဲ့ ဘဝကိုတည်ဆောက်ခွင့်ပေးဖို့ဖြစ်တယ်။ ဒါကသာ ဖြေရှင်းမှုဖြစ်တယ်။ ဒီလိုဖြေရှင်းမှုကို စစ်ကောင်စီဘက်က ကြိုးစားတာ၊ ပြောဆိုတာတွေမရှိဘူး။ သူတို့ပြောနေတာတွေက လက်တွေ့မကျတဲ့အတွက်ပြောဆိုရုံသက်သက်သာဖြစ်နေပါတယ်။ နိုင်ငံတကာဖိအားတွေကို လျော့ချဖို့ ကြိုးစားနေတယ်လို့ပဲမြင်ပါတယ်။
စစ်တပ်က သတ်မှတ်တဲ့ ဒုက္ခသည်ဆိုတာကလည်း တကယ်မှာ ဒုက္ခသည်တွေလို သုံးနှုန်းတာလည်း နည်းတယ်။ စစ်ဘေးရှောင်ဆိုပြီး သူတို့တာဝန်ခံရမဲ့အပိုင်းကို ရှောင်တိမ်းနေတာတွေ့ရတယ်။ တသက်မှတ်တည်း ဒုက္ခသည်ဆိုပြီး သတ်မှတ်ထားတာ ကျွန်တော်တို့ မတွေ့ရဘူး။
သံလွင်ခက် – လက်ရှိပြည်တွင်း ဒုက္ခသည်တွေအနေနဲ့ နိုင်ငံတကာ လူသားချင်းစနာထောက်ထားမှု အကူအညီရရှိမှု အခြေအနေကဘယ်လိုရှိမလဲ။
ရိုနေဆန်းလွင် – လက်ရှိမှာ နိုင်ငံတကာအဖွဲ့အစည်းတွေကို တားမြစ်တင်းကြပ်ထားတာတွေ၊ တိုက်ပွဲတွေကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေကို ထွက်ခွာခိုင်းတာကြောင့် အခြေအနေက ဆိုးနေတာတွေရှိတယ်။ နိုင်ငံတကာက ကူညီမယ် ဆိုရင်လည်း စစ်တပ်လက်ထဲကိုအရင်ရောက်ပြီး စစ်တပ်က ကူညီတယ်ဆိုတဲ့ ပုံစံမျိုးတွေ့ရတယ်။ ဆိုင်းကလုံး မိုခါတုန်းကလည်း လုပ်တာတွေ့ရတယ်။ ဟိုအရင်တုန်းကလည်း ဒီလိုမျိုးဆိုတော့ စစ်တပ်လက်ထဲကို ရောက်သွားရင် အကူ အညီတွေကမရဘူး။ ဒါတွေက ကျွန်တော်တို့အရင်ခေတ်တုန်းကလည်း ကြုံတွေ့ပြီးပြီ။ နိုင်ငံတကာကလာတဲ့ အထောက်အပံ့တွေကို အပြင်မှာရောင်းစားတာတွေလည်းကြားခဲ့ရတယ်။ လာသမျှအထောက်အပံ့တွေကို ဗီဒီယိုရိုက်ရုံ၊ ဓာတ်ပုံရိုက်ရုံသာ ပေးပြီးတော့ ကျန်တာတွေကတော့ သူတို့သက်ဆိုင်ရာလူကြီးတွေရဲ့ အိပ်ထဲကို ရောက်သွားအောင် လုပ်ကြတယ်။ နိုင်ငံတကာက အကူအညီတွေကို သူတို့အိပ်ကပ်ထဲရောက်အောင် အပြင်မှာ ရောင်းချပြီး သူတို့ငွေရအောင်ယူတာ ခဏခဏ ကြားရတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က အာဏာရအောင်တည်ဆောက်ထားပြီး သူတို့ဗိုလ်ချုပ်တွေကြီးပွားဖို့အတွက် အာဏာကိုကြီးစိုးထားခြင်းဖြစ်ပါတယ်။ သူတို့က ဘယ်နေရာကပဲရရ သူတို့အိပ်ထဲကိုထည့်ဖို့ အမြဲကြိုးစားနေခြင်းကြောင့် တကယ်လိုအပ်တဲ့ ဒုက္ခသည်လက်ထဲကို ရောက်တာမရှိဘူးလို့သိရတယ်။
သံလွင်ခက်- လက်ရှိ NUG အနေနဲ့ပြည်တွင်း ဒုက္ခသည်အရေးဆောင်ရွက်မှုအခြေအနေကဘယ်လိုရှိလဲ။ ပူးပေါင်းဆောင်ရွက်မှုတွေကို သိပါရစေ။
ရိုနေဆန်းလွင် – NUG ကတော့ ကျွန်တော်တို့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး နယ်မြေစိုးမိုးမှုပေါ်မူတည်တာပေ့ါ၊ ရခိုင်ပြည်နယ်မှာဆိုရင် သူက နယ်မြေစိုးမိုးထားမရှိတော့ ဒုက္ခသည်တွေအရေးကူညီဆောင်ရွက်တာက ရှိတော့ရှိတယ်၊ တော်တော်လေးကို နည်းတယ်။ သူတို့ ကူညီထားတာတွေ ကြားတယ်။ ဒါပေမယ့် တကယ်တမ်းက ဒုက္ခသည်တွေ အားလုံးနဲ့ခြုံကြည့်ရင် သူတို့ကူညီထားတာ ရာခိုင်နှုန်းနည်းတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက နယ်မြေစိုးမိုးမှုအပိုင်း ပေါ်မူတည်တယ်။ တတ်နိုင်သလောက် ကူညီတာတွေကြားသိရတယ်။ ဒါကိုလည်း ကျေးဇူးတင်တယ်။ နောက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းကတော့ ရိုဟင်ဂျာတွေနဲ့ NUG ကြားထဲမှာ ထိုက်သင့်သလောက်တော့ ပူးပေါင်းဆောင် ရွက်တာတွေရှိတယ်။ ဒါပေမယ့် ပိုပြီးကျယ်ပြန့်တဲ့ ဆောင်ရွက်မှုက လိုတယ်။ တစ်တိုင်းပြည်လုံးက ဒုက္ခရောက်နေတဲ့ အချိန်ဖြစ်တယ်။ ဒုက္ခသည်တွေဟာလည်း တစ်တိုင်းပြည်လုံးအနေအထားနဲ့ သန်းနဲ့ချီပြီး ရှိနေတဲ့အချိန်မှာ နေရာတကာကိုတော့ သူတို့ပေးနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့နားလည်တယ်။ တစ်ချို့နေရာတွေမှာ သူတို့ပို့ပေးထားတာတွေ ရှိပါတယ်။
အဓိက ကူညီဖို့ကို ဘယ်အရာက ဟန့်တားနေလဲဆိုတော့ အဓိက နယ်မြေစိုးမိုးမှုပေါ့။ သူတို့သာ စိုးမိုးထားရင် ပိုပြီးထိရောက်တဲ့ ကူညီမှုတွေလည်း လုပ်ကိုင်နိုင်မယ်ထင်ပါတယ်။ အခုချိန်မှာ နယ်မြေစိုးမိုးမှုမရှိပေမယ့် လိုအပ်တဲ့နေရာမှာ ကူညီတာတွေ ရှိပါတယ်။
သံလွင်ခက် – ဒီအခြေအနေအတိုင်းဆက်သွားရင် နောင်ငါးနှစ်မှာ ဘာတွေဆက်ဖြစ်နိုင်မလဲ။
ရိုနေဆန်းလွင် – ဒီအတိုင်းဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ရိုဟင်ဂျာအရေးအခြေအနေက ဘယ်လိုကောင်းမွန်လာမဲ့ အခြေအနေမှာ မရှိဘူး။ လက်ရှိကြုံတွေ့နေရတဲ့ဘူးသီးတောင်မှာဆိုရင် AA က ထိန်းချုပ်စိုးမိုးထားတယ်။ အဲလိုနေရာမှာ ကြုံတွေ့နေတဲ့ အခက်အခဲက ပေါင်းစုံကရှိတယ်။ လက်ရှိ ဘူးသီးတောင်မှာ ကြုံတွေ့နေရတဲ့ အနေအထားက ၂၀၁၇ ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ အနေအထားထက်ဆိုးတယ်။ လွန်ခဲ့တဲ့ မတ်လကုန်ကစပြီး အခုချိန်အထိ လူတွေလည်း ထောင်ဂဏာန်းအထက်မှာ သတ်ခံထားရတယ်။ ရွာတွေလည်း နည်းနည်းနောနော မီးရှီု့ခံထားရတာတွေရှိပါတယ်။ ဘူးသီးတောင်မြို့ကြီးလည်း ကုန်သွားပါပြီ။ ဒါတွေအားလုံးရဲ့ ဘယ်သူတွေအနေနဲ့ တာဝန်ရှိလဲဆိုရင် ရခိုင်တပ်တော် AA က ကျူးလွန်ထားတာ အထောက်အထားပေါင်းစုံရထားပြီးပါပြီ။ ဒီအတိုင်းသာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေမယ်ဆိုရင် နောင်ငါးနှစ်မှာ ရိုဟင်ဂျာတွေရဲ့အခြေအနေက ပိုပြီးဆိုးဝါးနိုင်ပါ တယ်။ နောက်ပြီးတော့ မောင်တောမြို့မှာလည်း လူတွေကိုရွာတွေထဲက အတင်းဖယ်ခိုင်းထားတာတွေရှိပါတယ်။ ဒါတွေကို မရပ်တန့်ဘူးဆိုရင် နောက်ငါးနှစ်မှာ ရိုဟင်ဂျာအခြေအနေက ဘယ်လိုမှမတွေးရဲစာအခြေအနေပါ။
သံလွင်ခက် – ပြည်တွင်း ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောပေးပါ။
ရိုနေဆန်းလွင် – ပြည်တွင်းက ဒုက္ခသည်သန်းချီကို သူတို့မူလနေရပ်ပြန်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ပေးနိုင်ဖို့က ဘယ်လိုလုပ်မလဲဆိုတာက အင်မတန်အရေးကြီးပါတယ်။ နိုင်ငံတဝန်းမှာစစ်ကောင်စီက မီးရှို့ထားတာသောင်းနဲ့ ချီရှိတယ်။ ဒါတွေကို ပြန်လည်တည်ဆောက်ပေးမလဲပေါ့။ ဒါတွေကို စစ်ကောင်စီက ဘာမှလုပ်ပေးမှာမဟုတ်ဘူး။ အထူးသဖြင့် PDF ကပဲဖြစ်ဖြစ် တခြားတိုင်းရင်းသားလက်နက်ကိုင်တွေကဖြစ်ဖြစ် ထိန်းချုပ်ထားတဲ့နေရာမှာ ဘယ်လို ပုံစံမျိုးနဲ့ ထူထောင်ရေးတွေ လုပ်ပေးမလဲဆိုတာ အရေးတကြီးစဉ်းစားဖို့လိုနေပြီ။ ဘာကြောင့်လဲဆိုတော့ လူတွေက စစ်အာဏာသိမ်းပြီး နောက်မှာ တစ်တိုင်းပြည်လုံးဟာ အခက်အခဲပေါင်းစုံကြုံတွေ့နေရတာမျိုးရှိတယ်။ တစ်ဖက်မှာ စစ်ကောင်စီကို အနိုင်တိုက်ရေးလုပ်နေရင်းနဲ့ တိုက်ပွဲတွေကြောင့် ဆုံးရှုံးသွားတဲ့သူတွေအတွက် ဘယ်လိုပုံစံမျိုးနဲ့ ထူထောင်ရေးလုပ်မလဲဆိုတာ စဉ်းသင့်ပါတယ်။
သံလွင်ခက် – အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။