ချင်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးကြောင့် စစ်ရှောင်ကူညီရာ၌ အခက်အခဲဖြစ်
*************
သံလွင်ခက်
ဇွန် ၂၀ ၊ ၂၀၂၄။
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ယခုမိုးတွင်းကာလ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများကြောင့် စစ်ရှောင်များအတွက် စားနပ်ရိက္ခာသယ်ယူစရိတ်များ ယခင်ကထက် သုံးဆနီးပါးမြှင့်တက်သွားသည်ဟု စစ်ရှောင်ကူညီသူများထံက သိရသည်။
ယခုနှစ် မိုးတွင်းကာလ၌ ချင်းတောင်ပေါ်လမ်းတစ်ချို့ပျက်စီးခြင်းနှင့် အဆမတန်မြင့်တက်လာသည့် ကုန်ဈေးနှုန်းများကြောင့် ယခုလို ခက်ခဲရခြင်းဖြစ်သည်။
“ဒီမိုးတွင်းကာလမှာ ခက်တာက ရိက္ခာတွေပို့ဖို့က သယ်ယူပို့ဆောင်စရိတ်အရမ်းမြင့်မားတာ။ အရင်ကာလဆို ကျွန်တော်တို့ဒီသွားနေကြနေရာဆို သုံးသိန်းလောက်နဲ့ ရောက်တဲ့နေရာဆို အခုရှစ်သိန်းလောက်ပေးရတယ်။ အရင်ကာလ ၁၀ သိန်းလောက်ရောက်တဲ့နေရာဆိုရင် အခု သိန်း ၃၀ လောက်ပေးနေရတယ် ဒါကတော့ လုံးဝကို ကွာခြားသွားတာပေါ့နော် ” ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။
ထို့အပြင် စစ်ကောင်စီ၏လေကြောင်းနှင့် လက်နက်ကြီးများရန်ကြောင့် စစ်ရှောင်းစခန်းများဆောက်လုပ်ရန် ခက်ခဲနေခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် နီးစပ်ရာတောတောင်များနှင့် ဆွေမျိုးအိမ်များတွင်သာ ခိုလှုံနေကြရသလို ရိက္ခာများများစားစား သိုလှောင်စုဆောင်းရန်လည်း စိုးရိမ်နေရသည်ဟု စစ်ရှောင်တာဝန်ခံတစ်ဦးက သံလွက်ခက်ကို တယ်လီဖုန်းကတစ်ဆင့် ပြောသည်။
“လမ်းပန်းဆက်သွယ်ရေးအပြင် ကျွန်တော်တို့မှာက တိကျတဲ့ စစ်ဘေးရှောင်စခန်း အဲ့လိုသတ်မှတ်ထားလို့မရဘူး သတ်မှတ်ထားရင်လည်း လာမနေရဲကြဘူး။ အဲ့လိုသတ်မှတ်ထားရင်တော့ အဲ့မှာလာနေတဲ့ စစ်ဘေးရှောင်တွေကို လွယ်လွယ်ကူကူ အခက်ခဲတွေ အဲ့လောက်မများပဲနဲ့ ကူညီနိုင်မှာ” ဟု ၎င်းက ပြောသည်။
ထို့အပြင် စစ်ရှောင်ပြည်သူများအနေဖြင့်လည်း မိုးတွင်းကာလ အလုပ်ကိုင်အခွင့်လမ်းမရှိသည့်အတွက် ဝင်ငွေနည်းပါးလာပြီး နေထိုင်စားသောက်ရေးတွင် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်ဟု စစ်ရှောင်ပြည်သူများထံက သိရသည်။
စစ်ရှောင်ပြည်သူတစ်ဦးက “ဒီကာလမှာ ထွက်ပြေးတိမ်းရှောင်လာရတော့ ဝင်ငွေလည်းမရှိတော့ဘူး။ မင်းတပ်မြို့ကလည်း ဘယ်လိုပြောမလဲ မြို့ပျက်လို့မျိုးပဲ နေထိုင်နေကြတော့ ဝင်ငွေတွေလည်း နည်းပါးကြတယ်။ ဒီနေရာမှာ စစ်ဘေးရှောင်တွေ ပြေးလာတဲ့အခါမှာ တချို့ဆို အခုထဲကကို စားစရာမရှိတော့ဘူး” ဟုဆိုသည်။
အာဏာသိမ်းပြီး လပိုင်းအတွင်း ဒေသတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် မင်းတပ်မြို့နယ် ဒေသခံ ၁ သောင်းဝန်း ကျင်သည် စစ်ဘေးတိမ်းရှောင်နေကြရသည်။
ဇွန်လ လလယ်ပိုင်းကစပြီး ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ချင်းညီနောင်၊ ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတချို့သည်လည်း မင်းတပ်မြို့နယ်သို့ စစ်ဘေးတိမ်းရှောင်လျက်ရှိသည်။
လက်ရှိတွင် မင်းတပ်မြို့နယ်တွင် စစ်ရှောင်အရေအတွက်တိုးလာနေပြီး စစ်ရှောင်ပြည်သူများအတွက် အကူအညီများလိုအပ်ချက်ရှိသည် စစ်ရှောင်ကူညီနေသူများထံက သိရသည်။
ပုံစာ – ၂၀၂၃ ၊ သြဂုတ်တွင် ရာသီဥတုဆိုးဝါးမှုကြောင့် မြေပြိုပျက်စီးခဲ့သည့် မင်းတပ်-မတူပီလမ်းပိုင်း။ (ပုံ- အဟောင်း) Photo – The Mindat Post
****
Telegram – > https://t.me/ThanLwinKhetNews/4837
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.com/?p=9243