ရေဖြူမြို့နယ်၊ မျောက်ချောရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် (၃၀) ထက်မနည်းသေဆုံး
****************************
သဇင်
ဇွန် ၂၀၊၂၀၂၄။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု မျောက်ချောရွာအနီး ယမန့်နေ့က စစ်ကောင်စတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းသေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
“တိုက်ပွဲမှာ ထူးခြားတဲ့ဖြစ်စဉ်က ရန်သူတပ်တွေက အမိန့်အရတက်လာတဲ့ပုံစံမဟုတ်ပဲနဲ့ မူးယစ်ဆေးဝါးတစ်ခုခု သုံးပြီး တက်လာတဲ့ ပုံစံနဲ့ဗျ၊ အလိပ်လိုက် အလိပ်လိုက်တက်လာတယ်။ ဒီဘက်ကပစ်လို့ ကျသွားတယ်၊ ထပ်တက်လာတယ်၊ ကြောင်နေတယ်။ ပြန်ပစ်တာမရှိဘူး၊ ဒါ့ကြောင့်လည်း ရန်သူ့ဘက်က အင်အား ၃၀ နှင့်အထက်ကျဆုံးတယ်” ဟု မွန်ပြည်တော်လှန် ရေးတပ်- MSRFမှ ပြောရေးဆိုခွင့်ရှိသူနိုင်နဂါးက ပြောသည်။
တိုက်ပွဲအတွင်း မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ဒေါနစစ်ကြောင်း၊ ABSDF၊ YGF၊ NMSP-AD အပါအဝင် မဟာမိတ်အဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ပြီး စစ်ကောင်စီဘက်မှ MA-2 တစ်လက် သိမ်းဆည်းရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
ယမန့်နေ့ ဇွန် ၁၉ ရက် မနက် ၈ နာရီဝန်းကျင်တွင် ရေး-ထားဝယ်ကားလမ်းမကြီးအရှေ့ခြမ်း၊ ရေဖြူမြို့နယ် မျောက် ချောရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား လက်နက်ကြီးများ အပြန်အလှန်ပစ်ခတ် မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများသေခြင်းနှင့်ပတ်သက်၍ သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ထို့နောက် နေ့လည် ၃နာရီခန့်တွင် ရေဖြူမြို့အခြေစိုက် ခမရ (၂၈၂)၊ ကံပေါက်ဒေသအခြစိုက် ခမရ (၂၇၃)၊ ကလိန်အောင် အခြေစိုက် ခမရ (၄၀၉)၊ (၄၁၀) နှင့် ပူးပေါင်းစစ်ကြောင်းက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဝင်ရောက်လာခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များဆုတ်ခွာခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ပြောပြချက်အရ သိရသည်။
စစ်ကောင်စီတပ်၏လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုအပြင် မျောက်ချောရွာထဲရှိနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် (၄၀) ထက်မနည်းပျက်စီးခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“တိုက်ပွဲက ခြံတွေတောတွေဘက်မှာဖြစ်တာပါ။ လေတပ်က ဗုံးကြဲလို့ မျောက်ချောရွာမှာ ဗုံးတွေလက်နက်ကြီးတွေကျတယ်။ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ အဲ့ရွာမှာကျပြီး (၄၀) ဝန်းကျင်လောက် မီးလောင်သွားတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် မျောက်ချောရွာအတွင်း စစ်ကောင်စီတပ်မှ တပ်စွဲထားကာ နေအိမ်များကို ဆက်လက်မီးရှို့လျက်ရှိနေသည်ဟု ဒေါနစစ်ကြောင်းမှူး စောဒါးကိုက သံလွင်ခက်ကိုပြောသည်။
“လက်ရှိမှာတော့ ရွာထဲမှာသူတို့တပ်စွဲထားတယ်။ တစ်ရွာလုံးကို မီးရှို့နေတဲ့ပုံပဲ။ ရွာထဲမှာတော့ လူတွေမရှိတော့ဘူး။ ပစ္စည်းတွေပဲကျန်တယ်”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံအများအပြား စစ်ဘေးရှောင်တိမ်းနေကြရသည်။
ပုံ – MSRF အဖွဲ့ဝင်များ။
****
Telegram – > https://t.me/ThanLwinKhetNews/4838
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.com/?p=9247