မြို့တွင်းတိုက်ပွဲမဖော်ဆောင်ရန် ALP ထုတ်ပြန်ချက်သည် ရခိုင်အမျိုးသားရေးအပေါ် သစ္စာမဲ့ခြင်းဟု ULA/AA တုံ့ပြန်
*****************************
ခင်သရဖီဦး
ဇွန် ၂၀ ၊ ၂၀၂၄။
ရခိုင်ပြည်တွင်းက မြို့သိမ်းတိုက်ပွဲများရပ်တန့်ပေးရန် ရခိုင်လွတ်မြောက်ရေးပါတီ-ALP ၏ ထုတ်ပြန်ချက်သည် ရခိုင်အမျိုးသားရေးအပေါ် သစ္စာမဲ့ခြင်းဖြစ်သည်ဟု ULA/AA က ယနေ့တွင် တုံ့ပြန်လိုက်သည်။
”သစ္စာဖောက်က သစ္စာဖောက်အလုပ်ကို လုပ်တာလို့မြင်ပါတယ် ” ဟု အာရက္ခတပ်တော် ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကမှ သံလွင်ခက်ကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်စွဲဖြင့် ALP မှ မြို့တွင်းတိုက်ပွဲများဖော်ဆောင်မှုများကို ရပ်တန့်ပေးရန်ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် မြို့သိမ်းတိုက်ပွဲများကြောင့် ရခိုင်ပြည်သူများမှာ တိုက်ပွဲဒဏ်ကို အလူးအလဲခံစားနေကြရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ALP က ဆိုသည်။
ထို့အပြင် မောင်တောမြို့နယ်အတွင်းက တိုက်ပွဲဖော်ဆောင်ရန် ကြိုးစားနေသည့်အပေါ်မှာလည်း များစွာစိတ်မကောင်းဖြစ်ကြောင်းနှင့် မြို့တွင်းတိုက်ပွဲဖော်ဆောင်မှုမပြုလုပ်ကြရန် ပဋိပက္ခထဲပါဝင်နေကြသူအားလုံးကို မေတ္တာရပ်ခံကြောင်း ALP က ဆိုသည်။
အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်၍ ရခိုင်ဒေသခံတစ်ချို့ကလည်း ALP ပါတီအနေဖြင့် ယခုကဲ့သို့ မြို့သိမ်းတိုက်သိမ်းများ မလုပ်ကြရန် ထုတ်ပြန်တောင်းဆိုခြင်းမှာ ၎င်းတို့၏အကျိုးစီးပွားများကို မထိခိုက်စေလိုသည့်အတွက် ဖြစ်ကြောင်း ဝေဖန်ကြသည်။
“ALP က ဘာတွေလုပ်နေတယ်၊ ဘယ်သူတွေနဲ့ ပေါင်းနေတယ်ဆိုတာ လူတိုင်းသိတာပဲလေ၊ သူတို့အကျိုးစီးပွားတွေ ထိမှာစိုးလို့ နာနေတာလို့ပဲ ပြောချင်တယ်” စစ်တွေမြို့မှ လူငယ်တဦးက ပြောသည်။
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော်-AA မှ မြို့နယ်ထက်ဝက်ကျော်ကို သိမ်းပိုက်ထားသည်။ ထို့အပြင် ပြည်နယ်တစ်ခုလုံးအတွင်းက စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် အသိပေးထားပြီး လတ်တလောတွင် အနောက်ဖက်နယ်စပ်မောင်တောမြို့ကိုလည်း သိမ်းပိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ပုံစာ – စစ်ကောင်စီခေါင်းဆောင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည့် ALP အဖွဲ့ဝင်တစ်ချို့။
****
Telegram – > https://t.me/ThanLwinKhetNews/4840
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.com/?p=9256