KNU တပ်မဟာ ၃ နယ်မြေက စစ်ရှောင်တဲများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
************
သံလွင်ခက်။
ဇွန် ၂၁ ၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ စစ်ရှောင်များ၏ နေအိမ်တဲများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်တွင် ရွှေကျင်ဗျူဟာအပါအဝင် တပ်ရင်းသုံးခုက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ကြီးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပဒဲကောကျေးရွာအုပ်စု ကော်သာစေး၊ ငဖယ်အင်းနှင့် တောင်တစုကျေးရွာများအနီးရှိ စစ်ရှောင်များ၏ နေအိမ်တဲများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက “သူတို့စစ်ကြောင်းထိုးတာ စစ်ကြောင်းထိုးတဲ့နေရာဒေသဝန်းကျင်မှာ စစ်ရှောင်တွေက ရှိနေတယ်ဆို တာ သူတို့သိရတဲ့အခါ သူတို့ရဲ့နေအိမ်တွေကိုဝင်ပြီး မီးရှို့ပြီးတော့ လိုတဲ့စားသောက်စရာတွေ အကုန်သယ်သွားတယ်” ဟု ဆိုသည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၂၀၂၄ ခုနှစ် မေလအထိ KNU အုပ်ချုပ်နယ်မြေအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း ၁၀ သိန်းကျော် (၁,၀၇၈,၅၀၅) ထိရှိလာပြီဟု KNU က ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်ရှောင် ၁၀ သိန်းကျော်ထဲတွင် ညောင်လေးပင်ခရိုင်က ငါးသိန်းနီးပါးရှိပြီး အများဆုံးဖြစ်ကာ ဒူးပလာယာ ခရိုင်က တစ်သိန်းခွဲကျော်၊ သထုံခရိုင်က တစ်သိန်းခွဲနီးပါး၊ ဘိတ် -ထားဝယ်ခရိုင်က တစ်သိန်းကျော်၊ တောင်ငူခရိုင်က ရှစ်သောင်းကျော်၊ ဖာပွန်ခရိုင်က ရှစ်သောင်းနီးပါးနှင့် ဘားအံ့ခရိုင်ကနှစ်သောင်းကျော် နေရပ်စွန့်ခွာနေကြရခြင်းဖြစ် သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ညောင်လေးပင်ခရိုင်တွင် စစ်ရှောင်ဦးရေ တိုးလာနေခြင်းသည် စစ်ကောင်စီတပ်၏လေကြောင်း၊ လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုများအပြင် မြေပြင်စစ်ကြောင်းထိုးနေမှုများကြောင့်ဖြစ်သည်ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီ ကျောက်ကြီးမြို့နယ်က တာဝန်ရှိသူတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” စစ်ကောင်စီတွေက ရမ်းသမ်းပစ်ခတ်မှုတွေ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ပြီးတော့ စစ်ကြောင်းထိုးဝင်ပြီးတော့ မီးရှို့တာတွေ ဖြစ်လာတဲ့အခါကြတော့ ဘေးလွတ်ရာတွေကို ရွေ့နေရတယ်။ စစ်ရှောင်တွေကတော့ တဖြည်းဖြည်းနဲ့ နေလို့ရတဲ့ ကျေးရွာတွေလည်း ထပ်နေလို့မရတော့ဘူး ရှောင်နေရတဲ့ ကျေးရွာအနီးနားတွေပါ ထပ်ရှောင်နေရတယ်” ဟု ဆိုသည်။
၂၀၂၃ ခုနှစ်ကုန်ထိ KNU ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ခုနှစ်သိန်း (၇၅၁,၆၆၉) ကျော်ရှိရာမှ ငါးလကျော်အတွင်း သုံးသိန်းနီးပါးထပ်မံတိုးလာခြင်း ဖြစ်သည်။
ထွက်ပြေးတိမ်းရှောင်နေသူ စုစုပေါင်း ဆယ်သိန်းကျော်ရှိသည့်အနက် KNU အနေဖြင့် ပြည်သူလူထုစုစုပေါင်း (၆) သိန်းကျော်ကို ကူညီနိုင်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ လူထုများအားလုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများရရှိအောင် လုပ်ဆောင်နေလျှက်ရှိသည်ဟု KNU က ထုတ်ပြန်ထားသည်။
ပုံစာ – ညောင်လေးပင်ခရိုင်အတွင်းက စစ်ရှောင်ပြည်သူများ။ ( ပုံ – အဟောင်း )