ဒေသအတွင်း စစ်ရေးမတည်ငြိမ်သော်လည်း တောင်ပြုံးပွဲကျင်းပရန် စစ်ကောင်စီညွှန်ကြားထား
*********
မေသံလွင်
ဇွန် ၂၈ ၊ ၂၀၂၄။
မန္တလေးတိုင်း၊ အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း တောင်ပြုံးမင်းနှစ်ပါးပွဲတော်ပြုလုပ်ရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု ဒေသခံများထံကသိရသည်။
မတ္တရာမြို့နယ်၊ တောင်ပြုံးရွာရှိ အနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်ဆုတောင်းပြည့် ဆုတောင်းရ မြတ်စွာဘုရားဗုဒ္ဓပူဇနိယဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံးအရှင်နှစ်ပါးပွဲတော်ကိုလာမည့် ၀ါခေါင်လဆန်း ၈ ရက်-၁၅ ရက် (သြဂုတ်လ) အတွင်း ကျင်းပသွားမည်ဟု ပွဲတော်ကျင်းပရေးကော်မတီ ထုတ်ပြန်ထားသည်။
“စျေးပွဲတော်ပါမယ်။ ဇတ်တွေတော့ မပါပါဘူး။ ဟိုတုန်းက ကျင်းပတယ်ဆိုတာနဲ့ ကွာခြားတယ်ဆိုတာက လုပ်တာက ဟိုတုန်းက အတိုင်းပဲ ဒါပေမယ့် အခြေအနေအချိန်အခါကို ကြည့်ပြီး လူကြီးတွေရဲ့ လမ်းညွှန်ချက်နဲ့ လုပ်ရတာပေါ့ ” ဟု ပွဲတော်ကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောသည်။
တောင်ပြုံးပွဲတော် ကိုဗစ်-၁၉ ဖြစ်ပွားခဲ့သည့်ကာလတွင်ရပ်နားခဲ့ပြီး အာဏာသိမ်းကာလအလွန် ၂၀၂၃ ခုနှစ် မှစတင်ပြီး လုံခြုံရေးစိုးရိမ်ရသည့်ကြားမှ ပြန်လည်ကျင်းပနေခြင်းဖြစ်ဟု တောင်ပြုံးပွဲတော်ကို နှစ်စဉ်သွားရောက်လေ့ရှိသူတစ်ဦးက ပြောသည်။
“နိုင်ငံရေးအနေထားက မတည်ငြိမ်ဘူးဖြစ်နေတော့ အန္တရာယ်ရှိတာပေါ့။ အန္တရာယ်ရှိတော့ လူတွေမလာရဲကြဘူး။ လုပ်ရမယ့်သူတွေမှာလည်း အန္တရာယ်ကြောင့်ပဲ အခက်အခဲမျိုးရှိတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်ကစပြီး မတ္တရာမြို့နယ်အရှေ့ခြမ်း အင်ကြင်းမြိုင်ရွာရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။