မဲဆောက်မြို့တွင် GED အောင်မြင်သည့် ရွှေ့ပြောင်းမြန်မာကျောင်းသားများ တက္ကသိုလ်တက်ရန် အခက်တွေ့
**********
စကားမောင်
ဇွန် ၂၉၊ ၂၀၂၄
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် GED အောင်မြင်ထားသည့် ရွှေပြောင်း မြန်မာကျောင်းသူ၊ ကျောင်းသားများ တက္ကသိုလ်တက်ရန် အခက်ကြုံနေသည်ဟု ရွှေ့ပြောင်းမြန်မာပညာရေး ကူညီသူများထံမှ သိရသည်။
လက်ရှိမှာ စာသင်ဆောင်၊ အိပ်ဆောင်များလိုအပ်ချက်ရှိခြင်း၊ စာမေးပွဲဖြေဆိုစရိတ်အတွက် လိုအပ်ချက်ရှိခြင်းနှင့် ကျောင်းသားများအထောက်အထားမပြည့်စုံခြင်းတို့ကြောင့် လုံခြုံရေးအခက်အခဲများရှိနေမှုများကြုံတွေ့နေရသည်ဟု သွေးသစ်ကျောင်းတာဝန်ခံ ဦးဂျော်နီမှ ပြောသည်။
“တချို့ဆို ကျောင်းအသွား အပြန်နဲ့ တခြားအချိန်တွေမှာ ပုလိပ်၊ ရဲ ဖမ်းဆီးခံရတာတွေလည်းရှိတယ်။ ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ထိုင်းပညာရေးအဖွဲ့တွေနဲ့ချိတ်ပြီး အမြဲတောင်းဆိုနေတာပေါ့။ ကလေးတွေကို အကာအကွယ်ပေးဖို့ပေါ့” ဟု ၎င်းက ဆိုသည်။
ယနေ့မနက်ပိုင်းတွင် သွေးသစ်အထက်တန်းကျောင်းမှ GED ဖြေဆိုအောင်မြင်ခဲ့သူ ကျောင်းသား၊ ကျောင်းသူ ၁၆၀ ကျော်ကို သင်တန်းဆင်းလက်မှတ်ပေးခဲ့သည်ဟု ကျောင်းတာဝန်ခံထံက သိရသည်။
သွေးသစ်အထက်တန်းကျောင်းသည် ရွှေ့ပြောင်းမြန်မာ ကလေးငယ်များအတွက်ဖွင့်လှစ်ထားသော ကျောင်းဖြစ်ပြီး မူလတန်းမှ သတ္တမတန်းအထိ မြန်မာကျောင်းသင်ရိုးညွှန်းတမ်းနှင့် သင်ကြားလျှက်ရှိကာ အင်္ဂလိပ်စာသင်တန်း နှင့် GED အကြိုသင်တန်းများ စသည်တို့ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်ဟု သိရသည်။
“ဖြစ်နိုင်ရင်တော့ အောင်သွားတဲ့ ကလေးတွေအားလုံးကို ကျွန်တော်တို့က တက္ကသိုလ်ပို့ချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ တက္ကသိုလ်ပို့နိုင်တာက တစ်နှစ်မှာ ၁၀ ရာခိုင်နှုန်းတောင်မရှိဘူး။ အဲလို အခက်အခဲတွေရှိတာပေါ့” သွေးသစ် ကျောင်းတာဝန်ခံ ဦးဂျော်နီမှ ဆက်ပြောသည်။
မဲဆောက်မြို့တွင် နေထိုင်ပြီး GED အောင်မြင်ထားသည့် မြန်မာကျောင်းသူတစ်ဦးကလည်း တက္ကသိုလ်မှ တောင်းဆိုသည့် အချက်အလက်များ မပြည့်စုံခြင်းနှင့် ငွေကြေးအခက်အခဲကြောင့် ကျောင်းမတက်ရောက်နိုင်သည်မှာ တစ်နှစ်ခန့်ရှိပြီဟု ပြောသည်။
“တကယ်လို့ တက္ကသိုလ်တစ်ခုကို ဝင်ခွင့်ရသွားပြီဆိုရင်တောင် သူတို့ဘက်က ကျောင်းသားဗီဇာချပေးမှာလေ။ အဲဒါ ရန်ကုန်ပြန်ပြီး ဗီဇာလုပ်ပြီးမှ လေယာဉ်နဲ့ပြန်ထွက်ရမှာပေါ့” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းကလေးနှင့် လူငယ် လူဦးရေမှာ ၂၀၀,၀၀၀ မှ ၄၀၀,၀၀၀ အထိရှိနေသည်ဟု ကုလ သမဂ္ဂအပြည်အပြည်ဆိုင်ရာကလေးများအရေးပေါ်ရံပုံငွေအဖွဲ့ – UNICEF မှ ၂၀၁၉ တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- Myanmar Health Support