စကားမောင်
ဇူလိုင် ၅၊ ၂၀၂၄။
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် ယခုရက်သတ္တတပတ်အတွင်း တိုက်ပွဲများကြောင့် မိုးကုတ်-မန္တလေးကား လမ်းပိတ်ထားသည့်အတွက် စားသောက်ကုန်နှင့် စက်သုံးဆီဈေးများမြင့်တက်လျက်ရှိပြီး အလုအယက်ဝယ်ယူနေရသည်ဟု မိုးကုတ်မြို့ ဒေသခံများထံမှ သိရသည်။
“ဈေးဆိုင်သိပ်မရှိဘူးရှင့်၊ ဈေးဆိုင်တွေ ဖွင့်ပေးတော့ အကုန်လုံးကအလုအယက်ဝယ်ကြတယ်။ အဲ့တော့ ရောင်းကုန်တဲ့ဈေးဆိုင်တွေက ပိတ်ထားတယ်” ဟု မိုးကုတ်မြို့၊ ရွှေဘုံသာရပ်ကွက်နေအမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ယခုအခါ စားအုန်းဆီများပြတ်လပ်လျက်ရှိကာ ပဲဆီတစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် မုန်ညှင်းတစ်စည်းလျှင် ၄,၀၀၀ ကျပ်ခန့်၊ ကြက်ဥတစ်လုံးလျှင် ၁,၅၀၀ ကျပ်၊ ကြက်သားတစ်ပိဿာလျှင် ၃၀,၀၀၀ ကျပ်နှင့် ခရမ်းချဥ်သီး တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ်အထိ ဈေးနှုန်းများမြင့်တက်နေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
မိုးကုတ်မြို့ဒေသခံများသည် တိုက်ပွဲများကြောင့် လုပ်ငန်းခွင်များရပ်နားထားရပြီး ငွေကြေးကျပ်တည်းနေကြသည့်အပြင် စားသောက်ကုန်များပြတ်လတ်သွားမည်ကို စိုးရိမ်သောကြောင့် ချွေတာစားနေရသည်ဟု ဒေသခံများထံက သိရသည်။
“ခရမ်းသီးမှ အစိတ်သားတောင်မရှိဘူး။ သုံး-လေးလုံးကို ၃,၀၀၀ တဲ့။ ဘယ်လိုစားမလဲ၊ တကယ်ဆို ဒါတွေက အခုမှ ထွက်တဲ့ဟာတွေ မတက်သင့်ဘူးလေ။ ကားနဲ့သယ်ရတာလည်းမဟုတ်” ဟု မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် စက်သုံးဆီရောင်းချရာတွင် ဆိုင်ကယ်များအတွက်သာ ရောင်းချပေးနေပြီး ဓာတ်ဆီ တစ်ဂါလံလျှင် ၃၀,၀၀၀ ကျပ် အထိဈေးမြင့်တက်ကာ လူတစ်ဦးကို ၁၀,၀၀၀ ကျပ်ဖိုးသာ ရောင်းချပေးနေသည်ဟု သိရသည်။
“တန်းစီနေတာနည်းနည်းနောနောပဲ၊ ရာကျော်ရှိတယ်။ မရတဲ့လူကတော့လှည့်ပြန်ခဲ့ရတယ်။ ကိုယ့်အိမ်အတွက် တကယ်လို့ လမ်းဖွင့်ပေးလို့ ပြေးကြတယ်ဆိုရင် ရှိအောင်ဖြည့်ထားတာရှင့် ဒါတောင်လိုသလောက်မရဘူး ”ဟု ၎င်းက ဆိုသည်။
မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ယနေ့မနက် ၅ နာရီခန့်မှ နာရီဝက်အကြာ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ဓာတ်ပုံ- ပေးပို့