သဇင်
ဇူလိုင် ၁၀၊၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် TNLA က ဒေသခံများကို ပြန်လည်နေထိုင်ခွင့်ပြုထားသော်လည်း လေကြောင်းအန္တရာယ်စိုးရိမ်သည့်အတွက် ကျောက်မဲဒေသခံများနေရပ်ပြန်လည်နေထိုင်ခြင်းမရှိသေးဟု ဒေသခံများထံက သိရသည်။
“အိမ်မပြန်ရသေးဘူး လောလောဆယ်တော့ ငြိမ်နေတယ်။ ဒါပေမယ့် လေယာဉ်ကြောက်တယ်လေ။ ၅၀၁ ၊ ၅၀၂ ဘက် မှာ စစ်တပ်ရှိနေတယ်။ အဲ့ဒီနေရာကို သူတို့ (TNLA) ဝိုင်းထားတုန်းတဲ့ ”ဟု ဒေသခံအမျိုးသမီးက ဆိုသည်။
ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ကျောက်မဲမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီဌာနဆိုင်ရာရုံးများနှင့် တပ်စခန်းများဖြစ်သည့် နားအိုက်ခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် ၃၅၂ အမြောက်တပ်ကုန်း၊ အင်ကြင်းတောင်၊ ဂေါက်ကွင်းအထက်၊ နောင်ပြစ်ရွာလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းတို့ကို သိမ်းပိုက်ထားနိုင်သည်ဟု တအာင်းတပ် – TNLA က ထုတ်ပြန်ထားသည်။
လတ်တလောတွင် ကျောက်မဲမြို့အထွက်၌ စကခ (၁)၊ ခမရ ၅၀၁ နှင့် ၅၀၂ တို့သာကျန်ရှိသော်လည်း ဒေသခံများအနေဖြင့် ၎င်းတို့လိုအပ်သည့် ပစ္စည်းများကို ဝင်ရောက်ယူဆောင်ကာ မြို့အတွင်း အဝင်၊ အထွက်သာပြုလုပ်လျက်ရှိသည်ဟု ဆိုကြသည်။
နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက “ကျွန်မတို့ကတော့ နေ့တိုင်းပြန်တယ်လေ။ လိုတာလေးတွေပြန်ဝယ်တာ၊ မြို့ထဲမှာဘာမှမဖြစ်ဘူး။ လိုအပ်တဲ့ပစ္စည်းတွေကို မနက်ဈေးမှာရောင်းပေးလို့အပြေးအလွှားဝယ်ကြတာ၊ အဲ့လိုလောက်ပဲ ရှိတယ်” ဟု ဆိုသည်။
လတ်တလောတွင် ကျောက်မဲစစ်ဘေးရှောင် ၁၀,၀၀၀ ကျော်သည် ကျောက်မဲမြို့ပြင်ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံလျက်ရှိသည်ဟု ဒေသခံပရဟိတစာရင်းများအရ သိရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့နှင့် လားရှိုးမြို့နယ်တို့တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၄၄) ဦးသေဆုံးခဲ့ပြီး (၅၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဇူလိုင် ၆ ရက်တွင် TNLA က သတင်းထုတ်ပြန်ထားသည်။
ပုံစာ-ကျောက်မဲ စစ်ဘေးရှောင်များ။ ဓာတ်ပုံ- နမ့်ခုံးရှမ်းများပရဟိသအသင်းခွဲ (ကျောက်မဲ)