ခင်သရဖီဦး
ဇူလိုင် ၁၀၊ ၂၀၂၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကောင်စီမှ ကုန်းလမ်း၊ ရေလမ်းပိတ်စို့ထားမှုများကြောင့် မြို့ပေါ်နေပြည်သူများ အကျပ်အတည်းများ ရင်ဆိုင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီသည် ရေလမ်းကြောင်းနှင့် ကားလမ်းများအားပိတ်ထားပြီး လေကြောင်းခရီးတစ်ခုသာ သွားလာခွင့်ပြုထားခဲ့သည်။
“စစ်တွေမှာက လူတွေက နည်းသွားပြီး အလုပ်တွေကလည်း ရှာမရတော့ဘူး။ လက်လုပ်လက်စားတွေပဲ ကျန်ခဲ့တာများတယ်။ ရှိနေတဲ့ ကုန်ဈေးနူန်းကလည်း တအားထိုးတက်လာတော့ လူတွေက ခိုးဖို့လုဖို့လောက်ပဲ စိတ်ဝင်စားကြတယ်။ အခုလိုမျိုး ဖြစ်နေတာကတော့ ကြာပါပြီ” ဟု စစ်တွေဒေသခံလူငယ်တစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်တွေ- ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်ကို လေးသိန်းခွဲကျပ်အထိရှိနေပြီး လက်မှတ်အား ချက်ချင်းယူမည်ဆိုလျှင် တစ်စောင်ကို ၆ သိန်းကျပ်အထိ စျေးရှိနေသည်ဟု လေယာဉ်လက်မှတ်ရောင်းသူများထံက သိရသည်။
အာရက္ခတပ်တော်- AA အနေဖြင့် စစ်တွေမြို့တွင်းတိုက်ပွဲ ဆင်နွဲ့မည်၍ ဧပြီလမှစတင်ကာ ဒေသခံများ မြို့မှ ထွက်ခွာရန်ပြောဆိုထားသော်လည်း တချို့ဒေသခံများသည် ခရီးစရိတ်မတတ်နိုင်ခြင်း၊ စစ်ကောင်စီက ကုန်လမ်းရေလမ်းအား ပိတ်ဆို့ထားမှုများကြောင့် မြို့မှစွန့်ခွာရန် အခက်အခဲဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် လူမနေသည့် နေအိမ်များလည်း မကြာခဏဆိုသလို ခိုးဝင်ဖောက် ထွင်းခံနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“တချို့အိမ်တွေကျတော့ အိမ်စောင့်လည်းမရှိဘဲ ပိတ်ထားတဲ့ နေအိမ်တွေရှိတာပေါ့။ အိမ်ကို ဖောက်တဲ့အခါမှာ မီးကြိုးကအစ သူတို့ယူကြတာပေါ့။ အဲဒီမှာ မီးကြိုးမှာပါတဲ့ ကြေးကိုပဲ သူတို့ယူချင်တဲ့အခါကျတော့ ကြေးကိုယူပြီး ကျန်တာတွေကို မီးရှို့ခဲ့တာ အဲဒီကနေ အိမ်တွေ မီးလောင်တာရှိတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်များတွင် ကျေးပင်ကြီးရပ်ကွက်နှင့် ရူပမြောက်ရပ်ကွက်တို့တွင် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
မီးလောင်ဆုံးရှုံးမှုနှင့်ပတ်သက်၍ သံလွင်ခက်အနေဖြင့် အတိအကျ မသိရှိရသေးပေ။
တစ်ဖက်တွင်လည်း စစ်ကောင်စီမှ စစ်တွေမြို့ပေါ်ရှိ ဆင်ကူးလမ်း၊ လမ်းတော်တောင်၊ ရွှေပြားရပ်ကွက်၊ ဘောလုံးကွင်း၊ မင်းဂံ၊ ရဲနွယ်စုစသည့် ရပ်ကွက်များတွင် မကြာခဏ ဧည့်စာရင်းစစ်ဆေးနေခြင်းများပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
“စစ်တပ်က တစ်ပတ်ကိုတစ်ခါလောက်ကို ဧည့်စာရင်း ဝင်စစ်တာတွေရှိတယ်။ ကျွန်တော်တို့က ဒီတိုင်းလေယာဉ်စရိတ်က မတတ်နိုင်တော့ မထွက်ပဲနေနေတာပါ။ စားဝတ်နေရေးကတော့ အဆင်မပြေပါဘူး။ ထွက်လိုရရင်တော့ ထွက်ချင်တာပေါ့” ဟု မင်းဂံဒေသခံလူငယ်တစ်ဦးက ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်အနေဖြင့်လည်း စစ်တွေမြို့ပတ်လည်တွင် အင်းအားတိုးချဲ့ခြင်း၊ အမြောက်တပ်ချ၍ ပစ်ခတ်ခြင်းများအပြင် တခြားတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စစ်ဆေးမှုများနှင့် ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။