သံလွင်ခက်
ဩဂုတ် ၆ ၊ ၂၀၂၄။
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာပြီးနောက် နိုင်ငံအနှံ့လက်နက်ကိုင်ပဋိပက္ခများအတွင်း လေကြောင်း တိုက်ခိုက်မှုအကြိမ်ပေါင်း ၅,၈၀၀ နီးပါးရှိခဲ့သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေးအင်စတီကျု (ISP-Myanmar) က ယမန်နေ့တွင် ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၁,၅၀၀ ကျော်ရှိခဲ့ပြီး အဆိုပါတိုက်ခိုက်မှုသည် နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်ခံရမှုအားလုံး၏ ၂၆ ရာခိုင်နှုန်းကျော်ရှိကာ အများဆုံးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ဒုတိယအများဆုံးသည် ကရင်နီဒေသတွင်ဖြစ်ပြီး အရေအတွက်အားဖြင့် ၁,၂၀၀ ကျော်ရှိခဲ့သည်ဟု ISP-Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံအနှံ့မြို့နယ်စုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းတွင် စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ပြီး မြို့နယ် ၃၃၀ ၌ ၁၄၇ မြို့နယ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရသည်။
ယင်းထဲတွင် စစ်ကိုင်းတိုင်းက မြို့နယ် ၃၃ ခုဖြင့် အများဆုံးဖြစ်ကာ ရှမ်းပြည်နယ်က ၂၅ မြို့နယ်ထက်မနည်းရှိပြီး ဒုတိယ အများဆုံးဖြစ်သည်။
လွိုင်ကော်မြို့နယ်သည် လေကြောင်းတိုက်ခိုက်မှုအများဆုံးခံခဲ့ရသည့် မြို့နယ်ဖြစ်ကာ သုံးနှစ်ကျော်ကာလအတွင်း စစ် ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၉၀ ထက်မနည်းရှိခဲ့သည် ISP-Myanmar ကကောက်ယူထားသည့် အချက်အလက်များအရသိရသည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်အရေအတွက်သည် နှစ်ဆနီးပါးမြင့်တက်ခဲ့သည်။
စစ်ဆင်ရေးမတိုင်မှီ နှစ်နှစ်ခွဲကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု အရေအတွက်သည် ၂,၀၀၀ ကျော်ရှိခဲ့ပြီး စစ်ဆင်ရေးအလွန် ကိုးလတာအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအရေအတွက် ၃,၈၀၀ ထက်မနည်းရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ် ဇန်နဝါရီလအတွင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုပေါင်း အကြိမ် ၅၆၀ ကျော်ရှိပြီး အများဆုံးဖြစ်သည်ဟု ISP-Myanmar ကထုတ်ပြန်ထားသည်။
ပုံစာ – ယမနေ့တွင် ကွတ်ခိုင်မြို့အား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲပြီးနောက်မြင်ကွင်း။
Photo – PSLF / TNLA ။