နန်းဆုပန်ခန့်
စက်တင်ဘာ ၁၁၊ ၂၀၂၄။
ထိုင်းနိုင်ငံမှတစ်ဆင့် စစ်ကောင်စီတပ်ထံ လွှဲပြောင်းခံခဲ့ရသည့် မြန်မာလုပ်သား ၂၇ ဦးသည် KNU တပ်မဟာ ၄၊ တပ်ရင်း ၇၊ တပ်ခွဲ ၅ ထံ ယခုလ ပထမအပတ်တွင် လာရောက်ခိုလှုံခဲ့သည်ဟု တပ်မဟာ ၄ သတင်းစဉ်ဖြစ်သည့် Kwe Ka Lu News- ကွယ်ကလုသတင်းက ယမန်နေ့က ကရင်ဘာသာဖြင့်ဖော်ပြခဲ့သည်။
ထိုင်းအာဏာပိုင်များမှတဆင့် စစ်ကောင်စီထံ ပို့ဆောင်ခြင်းခံရသည့် လူငယ်များကို စစ်ကောင်စီမှ လှေ ၇ စင်းဖြင့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲက တိုင်းဗဟို- ၁၂ သို့ ပို့ဆောင်မည်ဖြစ်သည်။
အဆိုပါ လှေ ၇ စင်းထဲမှ လူငယ် ၂၇ ဦးလိုက်ပါလာ သည့်လှေမှာ ၎င်းတို့ကိုစောင့်ကြည့်နေသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို သတ်ပြီးထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု ကွယ်ကလုသတင်းက ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။
ဓာတ်ပုံတွင် လူငယ် ၂၇ ဦးနဲ့အတူ စစ်ကောင်စီထံမှ ယူဆောင်လာသည့် သေနတ် ၂ လက်ကိုတွေ့ရသည်။
ပြီးခဲ့သည့် ဇွန်လမှ ထိုင်းအာဏာပိုင်များက တရားမဝင်နိုင်ငံခြားသား အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်ဖြင့် စတင် စစ်ဆေးနေပြီး ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်အထိ မြန်မာနိုင်ငံသားတစ်သိန်းခွဲကျော် (၁၅၅,၆၆၉) ဦးကို ဖမ်းဆီးခဲ့သည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖမ်းဆီးခံရသည့်မြန်မာနိုင်ငံသား အလုပ်သမားထဲမှ တစ်ထောင်ခန့်ကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း၌ ထိုင်းအာဏာပိုင်များက သက်ဆိုင်ရာနယ်စပ်ဂိတ်များမှ တရားဝင်လွှဲပြောင်းပေးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လက်ခံခဲ့သည်ဟု စက် တင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။