မောင်ဘဦး
စက်တင်ဘာ ၇၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်စီမံကိန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အနီးနား ကျေးရွာများကို နှစ်ရက်ဆက် စစ်ကြောင်းထိုးခဲ့သဖြင့် ဒေသခံများထွက်ပြေးတိမ်ရှောင်ခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်တွင် ယင်းစက်ရုံကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရပြီးနောက် အင်အား ၆၀ ရှိသည့် စစ်ကောင်စီတပ်သည် ကျော်ရွာ၊ မင်္ဂလာကုန်းနှင့် ညောင်ပင်ကြီးရွာတို့ကို စစ်ကြောင်းထိုးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မိုးကြိုးပြင်အလယ်ရွာကို ထပ်မံစစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စီမံကိန်းအနီးဝန်းကျင်ရွာများကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် နှစ်ကြိမ်လှည့်ပတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မကြုံဖူးတော့နဲနဲလန့်နေရတယ်။ ဒီကနေ့မှာ စီမံကိန်းရဲ့အနောက်တောင်ဘက် မိုးကြိုးပြင်အလယ်ရွာကို သေနပ်ပစ် ဖောက်ဝင်ရောက်လို့ ဒေသခံရွာသားတွေ ရုတ်တရက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်” ဟု ဝမ်ဘောင်ကုမ္မဏီအနီး ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယင်းစီမံကိန်းကို ဝမ်ပေါင်နှင့်မြန်မာယန်စီကုမ္မဏီတို့မှ ပူးပေါင်းလုပ်ကိုင်လျက်ရှိပြီး အခုနှစ် ဇူလိုင်မှ စတင်လည်ပတ်လျက်ရှိသည်ဟု ပ.အ.ဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကုမ္မဏီတွေဘက်က ကြေးနီထုတ်ချင်တယ် စက်ရုံလည်ပတ်ချင်ကြတယ်။ ဒါကြောင့် (CDM) ဝင်ထားတဲ့ ဝန်ထမ်းတွေ ကို အလုပ်ပြန်ဝင်ဖို့ ပြန်ခေါ်တာတွေလုပ်တယ်။ အချို့ဝန်ထမ်းတွေက Non-CDM ပြန်ဖြစ်ပြီး အလုပ်ပြန်ဝင်ကြတယ်။ အခုရွာတွေဘက်စစ်ကြောင်းထိုးတာက သူတို့ကာကွယ်ပေးနေတဲ့ ကုမ္မဏီများကိုတိုက်ခိုက်လို့ စစ်ကြောင်းထိုးတာဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။