ထွယ်
စက်တင်ဘာ ၁၂၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းကို ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်- KIA နှင့်ပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးရှင်းလင်းရေးပြုလုပ်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်ထံက သိရသည်။
အဆိုပါ ရဲကင်းစခန်းကို ယမန်နေ့ညပိုင်းက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကာ ယနေ့နံနက်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဆိုင်းတောင်ရဲစခန်းကို အပြီးသတ်ဖို့အတွက် မီးရှို့နေပြီ။ သူတို့စခန်းမီးရှို့တာကုန်ခါနီးတော့ အခုဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးတွေ ဆက်တိုက် ပြန်ပစ်နေတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်ကတည်းက ဆိုင်းတောင်ကျေးရွာရှိ Lucky Men ဟိုတည်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA ပူးပေါင်းတပ်မှဝန်းရံပိတ်ဆို့ထားပြီး တိုက်ပွဲပြင်းထန်နေကာ ယနေ့ချိန်ထိ ဝန်းရံပိတ်ဆို့ထားဆဲဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
ထို့ပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေပြီး စက်တင်ဘာလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သည် မရှီကထောင်ကျေးရွာ ဘက်သို့စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားခဲ့ခြင်းဖြစ်သည်။
ယခုနှစ် မတ်လ ၇ ရက်ကတည်းက ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA နှင့် ပူး ပေါင်းတပ်က တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ဖားကန့်မြို့နယ်ရှိ နန့်ယား၊ နန့်တိန်း၊ ဝှေခါ၊ တာမခံနှင့် ဆယ်ဇင်းကျေးရွာတို့ရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်က တိုက် ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်က လမောင်ကုန်းစခန်းနှင့် ဩဂုတ်လ ၁၆ ရက်က တောမှော်ကျေးရွာရှိ စစ်ကောင်စီ၏တပ်စခန်းတို့ကိုလည်း အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ထားသည်။