သံလွင်ခက်
အောက်တိုဘာလ ၁၉၊၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့သောကြောင့် ကလေး နှစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး၊ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယနေ့တွင် ထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက်အစောပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ တောင်ရပ်ကွက်ရှိ ဦးကျော်နှင့် ဦးပြားနေအိမ်ပေါ်သို့ ကျရောက်ခဲ့ပြီး ဦးကျော်နှင့် သမီး ဖြစ်သူ နှစ်ဦးသေဆုံးကာ ဦးပြားနှင့် သူ၏ဇနီးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အပြင် နေအိမ် (၁၇) လုံးလည်းပျက်စီးခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁၇ ရက် သီတင်းကျွတ်လပြည့်ညကလည်း စစ်ကောင်စီတပ်သည် နောင်ချိုမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်သည် မူဆယ်မြို့မှအပ ရှမ်းမြောက်ရှိမြို့များအားလုံးကို လက်လွှတ်ဆုံးရှုံးပြီးနောက် TNLA ထိန်းချုပ်ထားသည့် မြို့နယ်များကို နေ့စဉ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေသည်ဟု TNLA က ထုတ်ပြန်ထားသည်။
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေရာများကို ရှင်းလင်းရေးလုပ်နေစဉ်။
ဓာတ်ပုံ – PSLF/TNLA