သံလွင်ခက်
အောက်တိုဘာလ ၁၉၊ ၂၀၂၄။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မြိတ်-ပုလောပြည်ထောင်စုလမ်းပိုင်းတွင် ဖြစ်ပွားနေသည့် ၅ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး (၃၀) ကျော်သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ မှ ၁၈ ရက်အတွင်း မြိတ်-ပုလောပြည်ထောင်စုလမ်းပိုင်းရှိ မီးလောင်ချောင်းကျေးရွာနှင့် ကြဲရွာကြားတွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး မီးလောင်ချောင်းကျေးရွားအနီးရှိ ခလရ ၁၇ မှ စစ်ကောင်စီအင်အား ထပ်မံဖြည့်တင်းလျက်ရှိသောကြောင့် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။
“မနေ့ (အောက်တိုဘာ ၁၈) မနက်က စစ်ကြောင်းရှေ့တိုးလာတော့ ထိတွေ့မှု ထပ်ဖြစ်တယ် ။ ၁၄ရက်နေ့က စဖြစ်တဲ့နေ့ကနေဆိုရင် စကစ ၃၀ကျော် ၄၀ ဝန်းကျင်လောက်ရှိမယ်။ သူတို့ဘက်က အလောင်းတွေကို ဖြစ်သလိုပဲ န်ပစ်ထားတာ လက်နက်တွေတော့ လာပြန်သယ်သွားတယ်။ ကျွန်တော်တို့ ဘက်က အလောင်းတွေ သိမ်းဆည်းရမိထားတာလည်းရှိတယ် ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) မြိတ်ခရိုင်အမတ်(၁) တပ်ရင်းက ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တိုက်ပွဲပြင်းထန်နေသည့် မြိတ်-ပုလော-ထားဝယ် ကားလမ်းရှိ ကြဲရွာနှင့် မီးလောင်ချောင်းကျေးရွာ အကြားတွင် ခရီးသည်တင်ယာဉ်များပိတ်မိနေစဉ် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းက ယာဉ်မောင်တစ်ဦးမိုင်းနင်းပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ဒေသအခြေစိုက်သတင်းမီဒီယာများဖော်ပြချက်အရသိရသည်။
ပုံစာ – မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ။
ဓာတ်ပုံ- PPDF