သံလွင်ခက်။
အောက်တိုဘာ ၂၂၊ ၂၀၂၂ခုနှစ်။
စစ်ကောင်စီတပ်၏ လေကြောင်းအပါအဝင် မြေပြင် ထိုးစစ်များကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရှိ အောင်းကုန်း၊နန့်သာနှင့် အင်ပင်ကျေးရွာရှိ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရသည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၈ရက် ညနေပိုင်းတွင် အင်းတော်မြို့နယ်မှ အောင်းကုန်းကျေးရွာဘက်ကို ထွက်ခွာလာသည့် အင်အား ၆၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခဲ့သည်။
မိုင်းဆွဲတိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာခဲ့သည့်အတွက် လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက် သတင်းဌာနကိုပြောသည်။
၄င်းက ” တိုက်ပွဲထဲ သူတို့အထိနာပြီး ပိတ်မိနေတဲ့အနေအထားဆိုတော့ သူတို့လေကြောင်းကနေ လာပစ်ကူတာ။ အဲ့ခါလည်း အောင်းကုန်း အင်ပင်ရွာက အိမ်တွေ အတော်ပျက်စီးခဲ့တယ် ” ဟုဆိုသည်။
လေကြောင်းပစ်ကူလာပြီးနောက် စစ်ကောင်စီ စစ်ကြောင်းသည် အောင်းကုန်းနှင့် အင်ပင် ကျေးရွာများအတွင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့နောက် အောက်တိုဘာ ၂၀ရက်တွင် အဆိုပါ စစ်ကြောင်းသည် နန့်သာရွာအတွင်း ဝင်ရောက်ကာ နေအိမ်များမီးရှို့ဖျက်ဆီးခဲ့သလို လေကြောင်းမှလည်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၄င်းက “အဲ့နေ့က ၁၅လုံးပြာကြသွားတယ် အဲ့နောက်ကို ဆက်ရှို့နေတာရှိတယ် နောက် သူတို့ အဲ့ရွာထဲမှာ ပိတ်မိနေတဲ့အနေအထားပေါ့ သူတို့က ထွက်ချင်နေတာ လမ်းကြောင်းရှာမရတော့ လေကြောင်းနဲ့ လာပစ်တာတွေလည်းရှိတယ် ” ဟုဆိုသည်။
နှစ်ရွာပေါင်း အိမ်ခြေ ၆၀၀ ရှိသည့် အောင်းကုန်း၊ အင်ပင်ကျေးရွာနှင့် အိမ်ခြေ ၁၀၀ကျော်ရှိသည့် နန့်သာကျေးရွာများသည် ကပ်လျက်ရှိသည့် ရွာများဖြစ်သည်။
အောက်တိုဘာ ၁၈ ရက်မှစတင်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများသည် လက်ရှိအချိန်ထိ စစ်ကောင်စီ စစ်ကြောင်းသည် နန့်သာကျေးရွာထဲတွင် ရှိနေသည့်အတွက် နေရပ်ကို ပြန်နိုင်ခြင်းမရှိသေးပေ။
ပုံစာ – လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ပျက်စီးခဲ့သည့် အောင်းကုန်းကျေးရွာရှိ နေအိမ်များ
Photo – Indaw Revolution-IR