စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ် ၃ ရက်နေ့ထိ စစ်ကောင်စီတပ်၏စစ်ကြောင်းထိုးမီးရှို့မှုကြောင့် အဘွားအိုနှစ်ဦး၊ အဘိုးအိုတစ်ဦး အပါအဝင် ဒေသခံပြည်သူ ၂၀ ခန့်သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
အဘွားအိုနှစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးမီးရှို့စဉ် နေအိမ်တွင် ကျန်ရစ်ခဲ့ရာမှ မီးလောင်သေဆုံးခဲ့ရပြီး မုဆိုးခြုံကျေးရွာက အသက် ၆၂ နှစ်အရွယ် အဘိုးအိုလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“အဖွားတွေက အသက် ၇၀ နဲ့အထက်မှာရှိတယ်။ သက်ကြီးပိုင်းတွေဆို မပြေးနိုင်ဘူး။ သူတို့အတွက် စားနပ်ရိက္ခာနဲ့ချောင်လေးထဲမှာ ထားခဲ့ရတာ။ စကစ(စစ်ကောင်စီ) တွေက သိပေမယ့် မီးရှို့တာပဲ” ဟု၎င်းက ပြောသည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် မီးငြိမ်းသတ်ရန်သွားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး နှင့် ဒေသခံအမျိုးသား ခြောက်ဦးလည်း သေဆုံးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“မီးဝင်ငြိမ်းဖို့ ကြိုးစားတဲ့အချိန် ကင်းပုန်းဝပ်နေတဲ့ စကစ(စစ်ကောင်စီတပ်) တွေနဲ့တွေ့ပြီး အပစ်ခံရတာ” ဟုWetlet Information Network မှ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ဖေဖော်ဝါရီလ ၂၈ ရက်မှစတင်၍ ဝက်လက်မြို့နယ်ရှိ မုဆိုးခြုံ၊ ဘိုတဲကုန်း၊ တည်တော စသည့်ကျေးရွာများအပါအဝင် ကျေးရွာဆယ်ရွာခန့်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အိမ်ခြေစုစုပေါင်း၇၅၀ ခန့်ကို မီးလောင်ပျက်စီးခဲ့ရသည်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမီးရှို့မှုကြောင့် ဒေသခံပြည်သူ သောင်းနှင့်ချီ နေအိမ်စွန့်ခွာထွက်ပြေးနေရပြီး စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီလိုအပ်နေသည်ဟုကူညီသူများက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်သည် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု အရေအတွက် လေးသောင်းကျော်ရှိကာ လူဦးရေ နှစ်သိန်းခန့် နေထိုင်သည့် မြို့နယ်ဖြစ်သည်။
ပုံစာ–စစ်ကြောင်းထိုးမီးရှို့ခံရသည့် ဝက်လက်မြို့မြင်ကွင်း။
Photo-Crd