ကချင်ပြည်နယ်၊ ဖားကန့်မြို့ကားကြီးဝန်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည်ဟုဒေသခံများထံမှသိရသည်။
ဖားကန့်မြို့ ကားကြီးဝန်း ရွှေစည်းစိမ်ကဖေး အရှေ့တွင် ယမန်နေ့ မတ်လ ၄ရက် ညနေပိုင်းတွင် အမျိုးသားတစ်ဦးကို မည်မသိအဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
” ခေါင်းကိုအပစ်ခံလိုက်ရတာ။ ဘယ်အဖွဲ့အစည်းကပစ်တယ်တော့မသိဘူး ။ စကစ ကတော့စစ်ဆေးနေတာတွေ့ရတယ် “ဟု ဒေသခံတစ်ဦးကသံလွင်ခက်ကိုပြောသည်။
သေနတ်ဖြင့်အပစ်ခံရသူသည် ကိုအောင်နိုင် (အသက် ၃၀ ကျော်အရွယ်ခန့်မှန်း) ဟုသိရပြီး ဖားကန့်တွင် မိသားစုနှင့်အတူနေထိုင်သူဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
အခင်းဖြစ်ပွားရာနေရာသည် စစ်ကောင်စီတက်ဖွဲ့ဝင်များ လုံခြုံရေးယူဆောင်ရွက်နေသည့်နေရာဖြစ်ပြီး လူစည်းကားရာ ကားဝန်းတွင် လူမြင်ကွင်း၌ ပစ်ခတ်မှုဖြစ်ပွားခြင်းကြောင့် ဒေသခံများက လုံခြုံရေးအတွက်စိုးရိမ်နေကြရသည်။
” ကျွန်တော်တို့ကကျောက်သမားဆိုတော့ ညဘက် ကျောက်ဝိုင်းသွားရတာမျိုးတွေရှိတော့ လုံခြုံရေးကSave ဖြစ်မနေဘူးဗျ ။ အစစအရာရာသတိထားပြီးနေရတာပေါ့ ။ စိုးရိမ်ပူပန်တာကတော့ ပြောစရာကိုမရှိတော့ဘူး“ဟု ဒေသခံကျောက်အရောင်းအဝယ်သမားတစ်ဦးက ပြောသည်။
လက်ရှိအာဏာသိမ်းကာလအတွင်း၌ ဖားကန့်တွင် ပစ်ခတ်ခံရမှုမကြာခဏဖြစ်ပွားနေကာ ပြီးခဲ့သောလကလည်းယခုဖြစ်ပွားခဲ့သည့် ရပ်ကွက်တွင် ပစ်သတ်ခံရမှုတစ်ခုဖြစ်ပွားခဲ့သည်။
” ပြီးခဲ့တဲ့လကလည်း အခုဖြစ်သွားတဲ့ရပ်ကွက်မှာပဲ တစ်ယောက်အပစ်သတ်ခံရတယ် ။ ခဏခဏဖြစ်တယ်။ ကျန်တာက မြို့ပြင်ဘက်မှာများတယ်။ ရှာဖွေစစ်ဆေးမှုတွေတော့လုပ်တယ်။ တစ်ခါမှ မမိဘူး။ ဘယ်သူ့ကိုအားကိုးရမှန်းမသိဘူးဗျ “ဟု ဒေသခံတစ်ဦးကပြောသည်။
ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် KIA တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားနေပြီး လုံခြုံရေးအဓိကယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အရပ်ဝတ်များဖြင့်သွားလာလှုပ်ရှားနေသောကြောင့် လမ်းတွင်တွေ့လျှင် မည်သည့်အဖွဲ့အစည်းမှဖြစ်ကြောင်းကိုပင် ခွဲခြားသိရှိနိုင်ရန်ခက်ခဲနေကြသည်ဟု ဒေသခံများကပြောသည်။
စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းဓာတ်ပုံများ ပါရှိသည်။