ကောင်းချစ်အောင်
မတ် ၃၁၊ ၂၀၂၃။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ကမ္မဝါစာအဖြစ် အသုံးချတိုက်ပွဲဝင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ပြီး နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာပေးပို့ခဲ့သည်ဟု သိရသည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(Federal Democracy Charter-FDC)ကို ၂၀၂၁ခုနှစ် မတ်လ၃၁ရက်တွင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၈ရက်မှ ၂၉ရက်အထိ နှစ်ရက်ကြာကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့ညီလာခံတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်မှာ ယနေ့တွင် နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်သည် နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ထွန်းလာသည့် အဖိုးတန်သည့်နိုင်ငံရေးသဘောတူညီချက်တစ်ခုဖြစ်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင်များ၊တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများ၊ အရပ်ဘက်ဖွဲ့စည်းများ စုပေါင်းကာ ညှိနှိုင်းဆွေးနွေးရေးဆွဲခဲ့ခြင်းဖြစ်သည်။
“ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီကို ဦးတည်လျှောက်လှမ်းတဲ့နေရာမှာနိုင်ငံရေးလမ်းပြမြေပုံအဖြစ် တည်ရှိနေပါတယ်။ တော်လှန်ရေးအင်အားစုအားလုံး သဘောတူညီထားတဲ့ နိုင်ငံရေးသဘောတူညီချက်တစ်ခုဖြစ်သလို ပဋိညာဉ်ကို နိုင်ငံရေးအခြေခံမူတွေအဖြစ် ကိုင်စွဲပြီး စနစ်တကျ လျှောက်လှမ်းနေပါတယ်“ဟု ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH)၊ နည်းပညာဆိုင်ရာဆရာများအဖွဲ့ချုပ် – Technological Teachers’ Federation (TTF)၊ ၁၉၉၀ ခုနှစ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ – Members of Parliament Union(Burma)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (Democracy Party for A New Society-DPNS) တို့မှလည်း နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်။
ထို့အပြင် အဆိုပါပဋိညာဉ်ကြောင့် ဗမာတိုင်းရင်းသားပြည်သူလူထုအတွင်းမှာလည်း နိုင်ငံရေးအသိ တဆင့်တိုးလာပြီး ဗမာမဟုတ်သည့် တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို မူဝါဒအရ လက်ခံလာကြသည်ဟု ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (Arakan National Council/Arakan Army – ANC/AA) မှလည်း သဝဏ်လွှာပေးပို့ခဲ့သည်။