သဇင်
မတ် ၃၁၊ ၂၀၂၃။
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံရှိ မြန်မာ (MOU-နှစ်နိုင်ငံသဘောတူညီမှုစာချုပ်) အလုပ်သမား ၁၀၆၀ဦးအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ခဲ့သည်ဟု စက်ရုံရှိ အလုပ်သမားများထံမှ သိရသည်။
ယမန်နေ့ မတ်လ၃၀ရက် ညနေ၃နာရီခန့်တွင် မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသောအလုပ်သမားများအား အလုပ်ထုတ်လိုက်ပြီဟုဆိုကာ လုံခြုံရေးအင်အားအပြည့်ဖြင့် စက်ရုံအတွင်းမှ မောင်းထုတ်ခဲ့သည်ဟု အဆိုပါစက်ရုံ၏အမျိုးသားအလုပ်သမား တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“မနေ့ ညနေ ၃ နာရီလောက် ရုံရှေ့မှာ ပလိပ်တွေရော လုံခြုံရေးတွေရောက တုတ်တွေကိုင်ထားပြီး နင်တို့ကိုအလုပ်ထုတ်လိုက်ပြီဆိုပြီး အလုပ်သမားကတ်တွေအတင်းလု၊ လုံငယ်အင်္ကျီ(လုပ်ငန်းခွင်အတွင်းဝတ်ရသောအင်္ကျီ)တွေကိုအတင်းချွတ်ခိုင်းပြီးတော့မှ အတင်းစက်ရုံထဲကနေမောင်းထုတ်တာ။ ခွေးမောင်းသလိုပဲ”ဟု ၎င်းကပြောသည်။
အဆိုပါစက်ရုံသည် Electronic (လျှပ်စစ်ပစ္စည်း)ထုတ်လုပ်သောစက်ရုံဖြစ်ပြီး အလုပ်သမား ၃၀၀၀ကျော်နှင့်လည်ပတ်နေသော စက်ရုံဖြစ်သည်။
စက်ရုံရှိအလုပ်သမားများမှ အလုပ်ချိန် ၃ဆိုင်းဆင်းရသည်ကို လျော့ပေါ့ပေးရန်တောင်းဆိုမှုကို လက်မခံသည့်အပြင် အလုပ်သမားများနှင့်ခေါ်ယူညှိနှိုင်းခြင်းမရှိဘဲ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်ဟု ထို စက်ရုံတွင် လုပ်ကိုင်သောအမျိုးသမီးအလုပ်သမားတစ်ဦးပြောသည်။
“ကျွန်မတို့ ရန်ကုန်အေဂျင်စီနဲ့ စပြီးတက်လာကတည်းက ၂ဆိုင်းဆင်းရမယ်ဆိုပြီး လက်မှတ်ထိုးပြီးလာတာ။ ဒီလဲရောက်ရော ၃ ဆိုင်းဆင်းခိုင်းတယ်။ ညီမတို့လဲဆင်းပေးတယ်။ ပြီးတော့ ၄ လပိုင်း ၁ ရက်နေ့ကျရင် အားလုံးကို ၂ဆိုင်းပြန်ပြောင်းပေးမယ် ပြောပြီးတော့ တကယ်လဲရောက်လာရော သူတို့ဘက်က မပြောင်းပေးတဲ့အပြင်လျော်ကြေးပေးပြီးအလုပ်ထုတ်လိုက်တာ” ဟု၎င်းက ပြောသည်။
မတ်လ ၂၄ရက်နေ့ကလည်း အလုပ်ချိန် ၂ဆိုင်းသာ ပေးဆင်းရန် အလုပ်သမားများစုပေါင်းဆန္ဒပြ တောင်းဆိုခဲ့သေးသည်။
ယင်းသို့ ဆန္ဒပြတောင်းဆိုပြီးနောက် အလုပ်ရှင်က မြန်မာသံရုံးနဲ့ချိတ်ဆက်ဆွေးနွေးပြီး အော်ဒါမရတော့ဟုဆိုသည့်အကြောင်းပြချက် ဖြင့် အလုပ်ထုတ်လိုက်ခြင်းဖြစ်သည် ဟု ထုတ်ပယ်ခြင်းခံလိုက်ရသော အလုပ်သမား များက ပြောသည်။
လတ်တလောဖြစ်စဉ်များနှင့် ပတ်သတ်၍ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနကိုယ်စားလှယ်များက ကူညီဆောင်ရွက်ရန် စီစဉ်နေသည်။
ထိုင်းအလုပ်သမားအရေးကူညီသူ( AAC)ကိုရဲမင်းက “ မနက်ဖြန် ကျွန်တော်တို့အဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနကကိုယ်စားလှယ်တွေရော LPN Foundation ရော ပေါင်းပြီးတော့ ဒီအလုပ်သမားတွေ ကိစ္စကိုဖြေရှင်းပေးဖို့ လူနှစ်ရာ၊သုံးရာလောက် သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုကိုခေါ်ထားပြီး ဥပဒေအတိုင်းဖြေရှင်းပေးသွားမယ်”ဟုပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်ကိုင်နေသည့် အလုပ်သမားလေးသန်းခန့်ရှိပြီး အဆိုပါ အရေတွက်တွင်အထောက်အထားမရှိသည့် အလုပ်သမားများလည်းပါဝင်သည်။
ပုံစာ–ဆန္ဒထုတ်ဖော်တောင်းဆိုနေသည့် အလုပ်သမားများမြင်ကွင်း။
Photo-ပေးပို့။