ယမင်းဖူးပွင့်အောင်
မတ် ၃၁၊ ၂၀၂၁။
“လဲကျနေတဲ့ ရဲဘော်တစ်ယောက်ကို ပြန်ဆွဲထူရင်း လွတ်တဲ့နေရာရောက်မှ ခေါင်းကိုထပ်မှန်ပြီးလဲကျနေခဲ့တာ”
ဗိုလ်ဆင်ရိုင်းရဲ့ နောက်ဆုံးမြင်ကွင်းကို ရှေ့တန်းမှာအတူရှိခဲ့တဲ့ စစ်ကိုင်းခရိုင် တပ်ရင်း ၁ တပ်ခွဲ ၃ ရဲ့ တပ်ခွဲမှူး ကိုမင်းဒေဝါက ပြန်ပြောပြခဲ့တာပါ။
ဗိုလ်ဆင်ရိုင်းဟာ တော်လှန်ရေးအစောပိုင်းကာလကတည်းက မိသားစုကိုစွန့်ခွာလာခဲ့ပြီး မြောင်မြို့နယ်အတွင်းကတော်လှန်ရေးရဲဘော်တွေကို အခြေခံစစ်ပညာသင်တန်းပြန်လည်ပို့ချပေးခဲ့သူလည်းဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိတဲ့ ဗိုလ်ဆင်ရိုင်းကို စစ်ကိုင်းခရိုင်တပ်ရင်း ၁ ရဲ့ ဒုတပ်ရင်းမှူးတာဝန်နဲ့ မြောင်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDSOM ရဲ့ဒုတိယ တိုက်ခိုက်ရေးခေါင်းဆောင်တစ်ယောက်အဖြစ်အားလုံးကအသိအမှတ်ပြုထားကြပါတယ်။
“သူအကြော်တစ်ခုစားရင် ကလေးတွေလည်း အကြော်တစ်ခုစားရမယ်” ဆိုတဲ့ တန်းတူစိတ်ထားရှိတဲ့ ဗိုလ်ဆင်ရိုင်းကို ရဲဘော် ရဲဘက်အားလုံးက အားကိုးပြီး လေးစားချစ်ခင်ကြတယ်လို့ သူနဲ့အတူတိုက်ပွဲဝင်ခဲ့ဖူးသူတွေက ပြောပြပါတယ်။
မနေ့က မတ်လ ၃၀ ရက်နေ့မှာ ဗိုလ်ဆင်ရိုင်း တို့ရှိနေတဲ့ မြောင်မြို့နယ်မြောက်ဘက်ခြမ်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်၇၀ ကျော်ရှိရာ စစ်ကိုင်းခရိုင်တပ်ရင်း ၁ တပ်ခွဲ ၃ ရဲ့ စခန်းချရာနေရာကို စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ပါတယ်။
“ဝင်စီးမယ်ဆိုတဲ့သတင်းရထားတာတော့ကြာပြီ။ သတိနဲ့နေကြတယ်။ ကင်းအနေနဲ့ကာတယ်။ ကျွန်တော်တို့ကာတဲ့ဘက်ကနေမလာဘဲ ဝိုက်ပြီးတော့ အင်အား ၈၀ ကျော်နဲ့ နောက်ကျောဘက်ကနေဝင်စီးတာ။ သူတို့က သေနတ်ကိုတစ်ချက်မှမဖောက်ဘူး။ စခန်းဘေးကပ်ပြီဆိုမှ တရစပ် ပစ်ဝင်တာ”လို့ စခန်းစီးနင်းခံရပုံမြင်ကွင်းကို ကိုမင်းဒေဝါက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဝင်ရောက်စီးနင်းမှုကြောင့် ဗိုလ်ဆင်ရိုင်းအပါအဝင် ရဲဘော်သုံးဦးကျဆုံးခဲ့ပါတယ်။
တပ်ဖွဲ့ဝင်တွေအပေါ် စာနာနားလည်မှုနဲ့ အတူ တိုက်ပွဲဝင်နေတဲ့ ဗိုလ်ဆင်ရိုင်းတို့ရဲ့ အဖြစ်အပျက်ကို ကျန်ရစ်တဲ့သူတွေက ဖြေမဆည်နိုင်အောင်ရှိခဲ့ကြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေဆုံးနေတဲ့ ဗိုလ်ဆင်ရိုင်းရဲ့ ဦးခေါင်းကိုဖြတ်ယူသွားပါသေးတယ်။
ကိုမင်းဒေဝါနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ဗိုလ်ဆင်ရိုင်းရဲ့ ဦးခေါင်းမပါတဲ့ ရုပ်အလောင်းကို ပြန်သယ်ပြီး သဂြိုဟ်ပေးခဲ့ကြပါတယ်။
“လက်နက်အပြည့်အစုံရှိရင် ပြန်မခုခံနိုင်ရင်တောင်မှ တပ်ဖွဲ့ဝင်တွေ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်မှာ”လို့ ကိုမင်းဒေဝါက မှတ်ချက်ပြုပါတယ်။
၂၀၂၁ သြဂုတ်လပိုင်းလောက်ကစတင်ဖွဲ့စည်းခဲ့တဲ့ စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကို ဗိုလ်ဆင်ရိုင်းက MOD ကလက်နက်ချပေးတဲ့အခါ အဆင်သင့်ဖြစ်နေအောင် ကြိုးစားကြဖို့ မကြာခဏ တိုက်တွန်းလေ့ရှိပါတယ်။
အခုတော့ ဗိုလ်ဆင်ရိုင်း ရဲ့ ရုပ်အလောင်းကို တပ်ဖွဲ့ဝင်တွေ ငြိမ်သက်စွာအလေးပြုရင်း မီးသင်္ဂြိုလ်ပြီးခဲ့ပါပြီ။
မိမိအသက်ကိုစတေးခံပြီး လဲကျသွားတဲ့ ရဲဘော်တစ်ယောက်ကို ပြန်ခေါ်ခဲ့တဲ့ ဗိုလ်ဆင်ရိုင်းဟာ နောက်ဆုံးအချိန်အထိ သူ့ရဲဘော်တွေကို ဘယ်လောက်အထိချစ်တဲ့အကြောင်း ပြသခဲ့ပါတယ်။