NCA နှစ်ပတ်လည် ဖိတ်ကြားထားသည့် စစ်ကောင်စီက KIO ဌာနချုပ်ရှိရာ လိုင်ဇာကို ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါအဝင် ၃၀ နီးပါးသေဆုံး
******************************
သံလွင်ခက်
အောက်တိုဘာ ၁၀ ၊ ၂၀၂၃ ။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီက လက်နက်ကြီး၊ လေယာဥ်တို့ဖြင့် ပစ်ခတ်၊ဗုံးကြဲတိုကအခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူ၃၀ ဦးနီးပါးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
လိုင်ဇာမြို့နှင့် ၃မိုင်ခန့်ကွာဝေးသည့် မုန်လိုင်ခက်ရွာကိုစစ်ကောင်စီက ယမန်နေ့ ညည့်နက်ပိုင်းတွင် လက်နက်ကြီး၊လေယာဥ်တိူ့ဖြင့် ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများကပြောသည်။
” အခုဖြစ်တဲ့နေရာက လိူင်ဇာမဟုတ်ဘူး။ လိုင်ဇာကိုက ကုန်းဆင်းပြီးမှရောက်တော့ပေါ့။ မနေ့ည ၁၁ နာရီ ၄၅ မှာဖြစ်သွားတာ ။ လက်နက်ကြီးရော၊ လေယာဥ်နဲ့ ရောချသွားသွားတာ။ အကုန်လုံး အိပ်ပျော်နေတဲ့ အချိန်ဆိုတော့အထိများသွားတာ။ ဒဏ်ရာရတဲ့ သူတွေလည်း အများကြီးပဲ ဆေးရုံမှာလည်းမြင်မကောင်းဘူး “ဟု KIA အရာရှိများနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီက လာရောက်တိုက်ခိုက်ခဲ့သည့် မုန်လိုင်ခက်ရွာသည် ၂၀၁၁ ကတည်းက IDP ရှိပြီး ယခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် နမ်ဆန်ယာန်၊ လဂျားယာန်တို့မှ ဒေသခံများ လာရောက်နေထိုင်သည့် ရွာဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ၏ ညအချိန်မတော်လာရောက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၇ ဦးသေဆုံး၍ ၆၀ ဦးနီးပါးဒဏ်ရာရရှိထားပြီး ပျောက်ဆုံးသူများလည်းရှိနေကြောင်းနှင့် သေဆုံးသူများ ထပ်တိုးနိုင်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက နံနက် ၇ နာရီခွဲကျော်အချိန်တွင်ပြောသည်။
အရပ်သားများပြည်သူများ အစုလိုက်အပြုံလိုက်အသက်သေဆုံးရသည့်အထိ တိုက်ခိုက်ခဲ့သောစစ်ကောင်စီသည်လာမည့် ၁၅ ရက်တွင်ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်ကို ခမ်းခမ်းနားနားကျင်းပရန်ပြင်ဆင်နေပြီး တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ရန်ဖိတ်ကြားပြီး NCA ၌လက်မှတ်မရေးထိုးထားသည့် KIAကိုလည်း ဖိတ်ကြားထားသည်ဟု သိရသည်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2123
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.com/?p=5830