အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီအဆင့်မြင့်အရာရှိတက်ရောက်
***********************
သံလွင်ခက်
မတ် ၆၊ ၂၀၂၄။
ပြီးခဲ့သော အင်္ဂါနေ့က လာအိုနိုင်ငံတွင်ကျင်းပခဲ့သည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို စစ် ကောင်စီ၏ အဆင့်မြင့်အရာရှိကိုယ်စားလှယ် ၁ ဦးတက်ရောက်ခဲ့သည်ဟု ဂျိုဒိုနှင့် ဘန်ကောက်ပို့စ်စသည့် နိုင်ငံ တကာသတင်းဌာနများ၏ဖော်ပြချက်များအရ သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက နိုင်ငံရေးနှင့်မသက် ဆိုင်သော အရပ်သားကိုယ်စားလှယ် ၁ ဦးသာ အာဆီယံအစည်းအဝေးများကိုတက်ရောက်ခွင့် ပြုခဲ့သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလကချမှတ်ခဲ့သော အာဆီယံ၏ဆုံးဖြတ်ချက်အပေါ် မြန်မာစစ်ကောင်စီက သပိတ် မှောက်သည့်အနေဖြင့် အာဆီယံအစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်များစေလွှတ်ခြင်းမပြုဘဲထားခဲ့ရာက ၂၀၂၄ ခုနှစ်မှာတော့ ဒုတိယအကြိမ်အဖြစ် အာဆီယံဒေသတွင်းအစည်းအဝေးများကို မြန်မာစစ်ကောင်စီ၏ ကိုယ် စားလှယ်များ တက်ရောက်လာသည်ကို တွေ့မြင်လာရသည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်ကျင်းပခဲ့သည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို မြန်မာစစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မြထွန်းဦး အား တက်ရောက်ခွင့်မပေးခဲ့သော်လည်း လာအိုနိုင်ငံတွင်ကျင်းပခဲ့သည့် ယခုအစည်းအဝေးတွင်မူ ကာကွယ်ရေးဝန်ကြီး ဌာန၏ နိုင်ငံတကာရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်း က ဦးဆောင်တက်ရောက်ခဲ့သည်ဟု သံတမန်သတင်းရင်းမြစ်များအရ သိရသည်။
ဇန်နဝါရီလနှောင်းပိုင်းကလည်း မြန်မာစစ်ကောင်စီ အကြီးတန်းအရာရှိများနှင့် အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံ များ၏နိုင်ငံခြားရေးဝန်ကြီးများ လာအိုနိုင်ငံ လောင်ပရာဘွမ်တွင်တွေ့ဆုံခဲ့ကြပြီး မြန်မာ့ပြည်တွင်းစစ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရသော မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်္ကြံတည် ဆောက်မည့် ထိုင်းနိုင်ငံ၏ ကနဦးလုပ်ဆောင်ချက်များအပေါ် ထောက်ခံခဲ့ကြသေးသည်။
လာအိုနိုင်ငံတွင်ကျင်းပခဲ့သည် အင်္ဂါနေ့အစည်းအဝေးတွင် ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန် က ” အင်္ဂါနေ့အစည်းအဝေးတွင်မြန်မာပါဝင်မှုက မြန်မာနိုင်ငံနှင့် သက်ဆိုင်သူအားလုံးအတွက် အကျိုးရှိစေမည်ဖြစ် သည်” ဟုပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စများ နှင့်ပတ်သက်၍ အလေးထားဆွေးနွေးခဲ့သည်ဟုသိရပြီး ယင်းကပင် အာဆီယံအတွင်းဖြစ်ပေါ်နေသည့် မတူညီ သောအမြင်သဘောထားများ၏အကွာအဝေးကို ချုံ့နိုင်စေလိမ့်မည်ဟု ပြီးခဲ့သောသောကြာနေ့ကပင် ဝန်ကြီး ဆူတင် က ပြောကြားခဲ့သေးသည်။
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ကိုယ်စားလှယ်များအား အာဆီယံအစည်းအဝေးများတွင် ၂ ကြိမ်မြင်တွေ့လာရ ပြီဖြစ်သဖြင့် စစ်ကောင်စီသည် ဒေသတွင်းအစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လိုပုံပေါ်သည်ဟုရှုမြင်နိုင်ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။
Ref: Kyodo News
ဓာတ်ပုံ – Kyodo
ပုံစာ – အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကိုတက်ရောက်လာသော ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3636
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8135