ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ချီဖွေဒေသခံတစ်ချို့ အရေးပေါ် အကူအညီများ လိုအပ်နေ
***********
ထွယ်
ဇွန် ၆၊ ၂၀၂၄။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကြီးရေလျှံမှုဖြစ်သဖြင့် တိမ်းရှောင်နေရသည့် ကချင်ပြည်နယ် ချီဖွေမြို့နယ် မျောမောပါကျေးရွာမှ ဒေသခံများသည် လတ်တလောတွင် အစားအသောက်၊ ဆေးဝါးနှင့် ယာယီတဲများ ဆောက်လုပ်ရန် မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့တွေထံက သိရသည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် တောင်ကျချောင်းများ ရေကြီးရေလျှံမှုနှင့် တောင် ပြိုမှုများဖြစ်ပွားခဲ့သဖြင့် ယင်းကျေးရွာမှ အသက် ၄၈ နှစ်အရွယ်ရှိ ကလေးနှစ်ဦးမိခင်တစ်ဦးဖြစ်သူသေဆုံးခဲ့ပြီး လူနေ အိမ် (၄၃) လုံးပျက်စီးခဲ့ရသည်။
“သူ့ကလေးက ပြန်ဆယ်လိုက်နိုင်တယ်။ သူတို့အမေကတော့ မျောပါသွားတာ။ အလောင်းတော့ ပြန်ရတယ်။ အိမ်ပါ သွားတဲ့ သူတွေကလည်း ခုချိန် ဆွေမျိုးတွေအိမ်မှာပဲ ပေါင်းနေကြတယ်” ဟု ကူညီဆောင်ရွက်ပေးနေသည့် ချီဖွေမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။
ရေဘေးသင့် ဒေသခံများသည် အစားအသောက်နှင့် သောက်သုံးရေအပါအဝင် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
“နေအိမ်ပျက်စီးသွားတဲ့သူတွေတော့ မနက်ဖြန် သဘက်ခါ မိုးကာတဲဆောက်ပြီး ယာယီဒုက္ခသည်စခန်းလိုမျိုးဆောက် နေကြမယ်ပြောတယ်။ သူတို့သုံးနေတဲ့ ဆိုလာတွေလည်း ရေနဲ့ မျောသွားတော့ အခုချိန် သူတို့ မီးလည်းမရဘူး။ အစား အသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်။ ရေကြီးတာဆိုတော့ ရေကျသွားချိန် ရွံ့တွေနံပြီးတော့ နှာစေးနေကြတာတဲ့။ ဖျားလည်း ဖျားနေကြတာတဲ့။ သူတို့က တောင်ကျရေ ပိုက်သွယ်ယူပြီး သောက်ကြတာ၊ အခုတောင်ပြိုတော့ ရေ သောက်ဖို့တောင် ခက်ခဲနေကြပြီ” ဟု သူကပြောသည်။
မျောမောပါကျေးရွာသည် ချီဖွေမြို့မှ မေခမြစ်၏ အနောက်ဘက်ကမ်း ရှစ်မိုင်ခန့်အကွာတွင်ရှိပြီး ယခင်ကဆိုင်ကယ် ဖြင့် သွားလာနိုင်သော်လည်း ယခုအခါတောင်ပြိုသဖြင့် ခြေလျင်ဖြင့်သာ သွားလာကြသည်ဟု ၎င်းက ဆက်ပြောသည်။
မျောမောပါကျေးရွာသည် အထက်ပိုင်းနှင့် အောက်ပိုင်းဟူ၍ နှစ်ခုခွဲထားသည်။ ယခုရေကြီးရေလျှံဖြစ်ပွားနေသည်မှာ မျောမောပါကျေးရွာမှာ အထက်ပိုင်းဖြစ်ပြီး အိမ်ထောင်စု ၆၀ ခန့်ရှိသည့် ကျေးရွာဖြစ်သည်ဟု ချီဖွေမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် တောင်ပြိုကာ ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် လျှပ်စစ်မီးပေးသည့် မီးတိုင်သုံးတိုင် ပျက်စီးသွားပြီး ချီဖွေမြို့တွင် လည်း မီးတစ်လခန့် ပြတ်တောက်နေမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနက အသိပေးထားသည်ဟု ၎င်းက ပြောသည်။
ပုံစာ – မေလ ၂၉ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်ကို မြင်တွေ့ရသည့် မြင်ကွင်း။
****
Telegram – > https://t.me/ThanLwinKhetNews/4739
YouTube -> https://youtu.be/KwSXeUzdSnI?si=IYEm8j7oervYx5q0
Website -> https://thanlwinkhet.net/?p=10393