အယုဒ္ဓယမြို့ရှိ မဟာချူလာ ဗုဒ္ဓတက္ကသိုလ်မှ ED ဗီဇာရရန် စောင့်ဆိုင်းနေသူများပြား
******
စကားမောင်
ဇွန် ၆၊ ၂၀၂၄။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ မဟာချူလာဗုဒ္ဓတက္ကသိုလ်တွင် မြန်မာနိုင်ငံမှ ကျောင်းသားများ ပညာရေးဗီဇာ (ED Visa) ရရှိရန် မတ်လကတည်းကနေ ယခုဇွန်လအထိ စောင့်ဆိုင်းနေသူ အလွန်များပြားနေသည်ဟု သံလွင်ခက်၏ သတင်းရင်း မြစ်များထံမှ သိရသည်။
ဇွန်လ ၄ရက်က မဟာချူလာဗုဒ္ဓတက္ကသိုလ်၌ ကျောင်းအပ်ထားသော ကျောင်းသားများသည် အယုဒ္ဓယမြို့၏ လူဝန်မှု ကြီးကြပ်ရေးဌာန (လ.ဝ.က) တွင် ပညာရေးဗီဇာလျှောက်ခဲ့ရာ လူဦးရေများခြင်းအပြင် တက္ကသိုလ်နှင့် ညှိနှိုင်းဆွေးနွေး ထားခြင်းမရှိသောကြောင့် ဗီဇာကိစ္စ ဆောင်ရွက်ပေးခြင်း မရှိခဲ့ဟုသိရသည်။
“အရင်က ပြောထားတာ အယုဒ္ဓယ လ.ဝ.က မှာသာမက ထိုင်းတစ်နိုင်ငံလုံး ကိုယ့်ရဲ့ TM-30 (ဧည့်စာရင်း) ရှိရာ ဘယ် လ.ဝ.က မဆို လုပ်လို့ရတယ်ပြောထားပေမယ့် အခု မရတော့တဲ့သဘောပါ။ မတ်လကတည်းက ကျောင်းအပ်ထားတဲ့ ကျောင်းသားတွေ ခုထိဗီဇာမရသေးလို့ ဒုက္ခရောက်နေကြတယ်”ဟု မဟာချူလာမှ ကျောင်းသူတစ်ဦးကပြောသည်။
နောက်ဆုံးသိရသည့်အချက်များအရ မဟာချူလာတက္ကသိုလ်နှင့် အယုဒ္ဓယ လ.ဝ.ကတို့ ညှိနှိုင်း၍မရသေးဘဲ တက္က သိုလ်မှ ကျောင်းအပ်ငွေပြန်လည် ထုတ်ယူချင်သူများအား အကြောင်းပြန်မည်ဟု ပြောခဲ့သော်လည်း ဇွန် ၅ ရက်အထိ မ သိရသေးဟု ကျောင်းသားများထံမှ သိရသည်။
မဟာချူလာတက္ကသိုလ်နှင့် အယုဒ္ဓယ လ.ဝ.က ညှိနှိုင်းခြင်းနှင့်ပတ်သက်၍ သံလွင်ခက်အနေဖြင့် စုံစမ်းဆဲဖြစ်သည်။
ထိုင်းနိုင်ငံပြင်ပ (မြန်မာနိုင်ငံမှအပ) ထွက်၍ အိမ်နီးချင်းနိုင်ငံများသို့ ဗီဇာကိစ္စဆောင်ရွက်ပေးသည့် ကိုယ်စားလှယ်များ နှင့်ပြုလုပ်လျှင် ငွေကြေးကုန်ကျမှုမှာ ယခင်ကထက် နှစ်ဆခန့်များနိုင်ပြီး လာအိုနိုင်ငံတစ်ခုတည်းသာ ထိုင်းဘတ် ၁၀,၀၀၀ (ကာလပေါက်ဈေး ကျပ် ၁၁ သိန်းကျော်) ခန့်ကုန်ကျမှုရှိသည်။
အိမ်နီးချင်း လာအိုနိုင်ငံသို့ သွားရောက်ပြီး မေ ၃၁ ရက်နေ့တွင် ပညာရေးဗီဇာရခဲ့သူကျောင်းသူတစ်ဦးက “ကျောင်း ဘက်မှာကလည်း လူအရမ်းများသွားတာ၊ မြန်မာဆိုတဲ့အကြောင်းပြချက်လည်းပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ စာ အုပ်မကုန်သေးရင် နောက်တစ်နိုင်ငံထွက်တာပဲ။ ကမ္ဘောဒီးယားတို့ဆို ပိုက်ဆံကပိုကုန်တယ်၊ အသက်သာဆုံးကတော့ လာအိုပဲ”ဟု ပြောသည်။
လာအိုသို့သွား၍ ပညာရေးဗီဇာ ကိုယ်တိုင်လျှောက်လျှင် ဗီဇာကြေးနှင့် ခရီးစရိတ် ဘတ် ၂,၀၀၀ ခန့်စီ အပါအဝင် စုစု ပေါင်း ထိုင်းဘတ် ၅,၀၀၀ ဝန်းကျင်အထိ ကုန်ကျခဲ့ဟု ဗီဇာရရှိခဲ့သော မဟာချူလာမှ ကျောင်းသားများထံမှသိရသည်။
“ဗီဇာက မချပေးသေးတာပါ။ အယုဒ္ဓယ လ.ဝ.က ဘက်ကနေ ရပ်ထားတုန်းရှိပါသေးတယ်။ ဒါမယ့် လွန်ခဲ့တဲ့ ရက် ၂၀ လောက်က တင်ထားတဲ့ လူနည်းစုကတော့ မနေ့ကရကြပါတယ်။ အခုအသစ်တင်တာတွေကိုလက်မခံသေးတာပါ။ ကျောင်းကလည်း သက်တမ်းတိုးပြီးစောင့်ခိုင်းထားဆဲပါ။ ဘယ်တော့ လျှောက်လို့ရမလဲဆိုတာ အတိအကျကို လ.ဝ.က ဘက်က မဖြေတာပါ” ဟု ဘန်ကောက်ရှိကိစ္စရပ်များအတွက် လမ်းညွှန်ပေးနေသော ဘန်ကောက်ဒိုင်ယာရီ (Bangkok Diary)မှ ကျောင်းသား တစ်ဦးကဆိုသည်။
မဟာချူလာ ဗုဒ္ဓတက္ကသိုလ်မှ စီစစ်ပြီးမှသာ ဗီဇာလုပ်ပေးခြင်းအားစတင်မည်ဖြစ်၍ စတင်ပြုလုပ်မည့်ရက်ကို အတိ မကျမသိရသေးဟု ကျောင်းသားများအား အသိပေးထားသည်။ ပြန်လည်ပြုလုပ်မည်ဆိုလျှင် တစ်နေ့တွင် လူအယောက် ၁၀၀ ကို လက်ခံသွားမည်ဖြစ်ပြီး အနည်းဆုံး ဗီဇာသက်တမ်း ၁၅ ရက်ကျန်၍ အိမ်ရှင်၏အချက် အလက်များနှင့် စာချုပ်အပြည့်အစုံရှိရမည်ဟု သိရသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4736
YouTube -> https://youtu.be/KwSXeUzdSnI?si=IYEm8j7oervYx5q0
Website -> https://thanlwinkhet.net/?p=10385