မြဝတီ ရေပူစစ်ရှောင်စခန်းတွင် ဆေးဝါးအကူအညီများလိုအပ်
*************
ပန်ပန်
ဇွန် ၁၇၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့ ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီး၊ အမှတ် ၅ ရပ်ကွက်ရှိ ရေပူစမ်းကျေးရွာတွင် ယာယီဆောက်လုပ်ထားသည့် စစ်ဘေးရှောင်စခန်း၌ ဆေးဝါးအကူအညီများလိုအပ်နေသည်ဟု စစ်ရှောင်ကူညီသူများထံက သိရသည်။
အဆိုပါစစ်ရှောင်စခန်း- ဆေးခန်းကို ရေပူစမ်းကျေးရွာဘုန်းကြီးကျောင်းဝန်းအတွင်း၌ ဆောက်လုပ်ထားသော်လည်း ဆေးဝါးနှင့် ဆရာဝန်/သူနာပြုသုံးကိရိယာများ တစ်စုံတစ်ခုမျှမရှိသေးဟု စစ်ရှောင်ကူညီပေးသူအမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ဆေးခန်းမှာ ဆေးတွေရော ပစ္စည်းတွေရော ဘာမှမရှိဘူး။ ဆရာဝန်ကိုင်တဲ့ နားကြပ်ပဲဖြစ်ဖြစ်၊ သွေးတိုင်းတဲ့ ကိရိယာတွေဖြစ်ဖြစ် ဆရာဝန်အသုံးအဆောင်ပဲဖြစ်ဖြစ် ဘာတစ်ခုမှ မရှိဘူး။ အဆောက်အဦးပဲရှိတာ။ တခါတလေ ပြင်ပက ဆေးလာပေးတာရှိတယ်၊ ဘယ်အဖွဲ့အစည်းရယ်မှ ဂဃနဏ ဆေးပေးတာမရှိဘူး။ အခုမိုးရာသီမှာ ဖျားတာတို့၊ ယားယံတာတို့တောင်မှ ဆေးမရှိဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။
စစ်ရှောင်စခန်းတွင် ပြင်ပဆေးခန်းက စေတနာ့ဝန်ထမ်း ဆရာဝန်နှစ်ဦးသည် တစ်ပတ်လျှင် နှစ်ကြိမ်ဖြင့် လာရောက် ကြည့်ရှုမှုပေးပြီး သူနာပြုအဆင့်ရှိသူ သုံးဦးရှိသည်ဟု စစ်ရှောင်စခန်းတာဝန်ခံများထံက သိရသည်။
ဆေးဝါးလိုအပ်ချက်ကြောင့် အပြင်းအထန်ဖျားနာသူများနှင့် မီးဖွားသူများအား မြဝတီမြို့တွင်း ဆေးရုံသို့ ပို့ဆောင်မှု များလည်းရှိခဲ့သည်ဟု စစ်ရှောင်ကူညီသူက ပြောသည်။
“အရမ်းကြီးဆိုးဆိုးရွားရွားဆိုရင်တော့ မြဝတီဆေးရုံဘက်ကိုပို့တယ်။ ကလေးမွေးတာက အစပေါ့နော်။ နည်းနည်းပါးပါး ဖျားနာဆေးတွေတောင်မှ တစ်ခါတစ်လေပဲရှိတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်မှာ ဘတ်ဂျက်မရှိပဲ ဝယ်ထား တော့လေ။ ဆေးက အခြေအနေအရ နည်းနည်းလေးဖျားရင်တော့ ကိုယ့်ဟာကိုယ်ကြည့်ကြပ်ဝယ်ပေးတာပဲရှိတယ်။ အလှူရှင်တွေလည်း မရှိသေးဘူး” ဟု ၎င်းက ဆိုသည်။
ရေပူစမ်းစစ်ရှောင်စခန်းတွင် ယခင်က စစ်ရှောင် ၂,၀၀၀ ကျော်ရှိသော်လည်း လက်ရှိအချိန်တွင် တိုက်ပွဲငြိမ်သက်သွား၍ ဒေသခံတချို့နေရပ်ပြန်သွားသည့်အတွက် ကော့ကရိတ်၊ သင်္ဃန်းညီနောင်၊ ဝှေ့ရှမ်းကျေးရွာနှင့် မြဝတီအနီးတစ်ဝိုက်ရှိ ဒေသခံ ၁,၅၀၀ ခန့်သာကျန်ရှိနေသည်ဟု စခန်းတာဝန်ခံများထံက သိရသည်။
ပုံစာ – ရေပူ စစ်ရှောင်စခန်းမြင်ကွင်း။ Photo – ရေပူစစ်ရှောင်စခန်းအား ကူညီသူ TharShin Sheesheemoe ဖေ့ဘွတ်ခ်အကောင့်။