စစ်ကောင်စီတပ်၏ နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မတောရွာဒေသခံများ နေရပ်မပြန်နိုင်သေး
************
ယမင်းဖူးပွင့်အောင်
ဇွန် ၁၇၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက် နေသည့်အတွက် ဒေသခံများ နေရပ်မပြန်နိုင်သေးဟု ဒေသခံများထံက သိရသည်။
မတောကျေးရွာသည် မင်းကင်းမြို့နှင့် နှစ်မိုင်ခန့်သာကွာဝေးပြီး မင်းကင်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့အထိ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့် ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေရခြင်းဖြစ်သည်။
“တစ်ရွာလုံးတစ်ယောက်မှမရှိတော့ဘူး။ ညဆိုပစ်တာပဲ တအုံးအုံးနဲ့။ ရွာထဲလည်း နေဖို့ရာကြောက်တယ်။ ဖြစ်ထားတာ လည်းမကြာသေးဘူးဆိုတော့ ကိုယ့်တော ကိုယ့်တောင်ထဲပဲ နားအေးပါးအေးနေကြရတာပေါ့” ဟု မတောရွာသား ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်တွင် မင်းကင်းမြို့နယ် မတောကျေးရွာကို စစ်ကောင်စီတပ်က ဖျက်အားပြင်းဗုံးများဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၂၈ ဦးသေဆုံးခဲ့ပြီး ၆၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူ ၆၀ ကျော်ကို ဆေးကုသပေးပြီးနောက် လက်ရှိအချိန်တွင် ဒဏ်ရာပြင်းထန်သည့် ပြည်သူ ၂၀ ခန့်သာ ဆက်လက်ဆေးကုသမှုခံယူနေရသည်ဟု စစ်ရှောင်ကူညီသူတစ်ဦးက ဆိုသည်။
“ဒဏ်ရာရတဲ့သူတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေကို အလှူငွေပေးတာရှိတယ်။ ဆရာဝန်တွေကလည်း အခမဲ့ကုသ ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရသည့် မတောကျေးရွာတွင် အိမ်ထောင်စု ၁၃၀ ခန့်ရှိပြီး လူဦးရေ ၃၀၀ ခန့်နေထိုင်လျက်ရှိသည်ဟု သိရသည်။
ပုံစာ – လေကြောင်းအတိုက်ခံရသည့် မတောကျေးရွာမြင်ကွင်း။