ထောင်ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ (၃၀) ကျော် ရိုက်နှက်ခံရပြီး ထိခိုက်ဒဏ်ရာရ
*********************
သဇင်
ဇွန် ၁၇၊၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှ ဒိုက်ဦးအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသူများ ရိုက်နှက်ခံခဲ့ရသည့်အတွက် အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။
ရိုက်နှိက်ခံခဲ့ရသည့်ထဲမှ ငါးဦးသည် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တချို့မှာ ထောင်ဆေးရုံတွင်ကုသမှုခံယူနေသလို တချို့မှာ တိုက်ပိတ်ခံထားရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM ၏ ဦးဆောင် ကော်မတီဝင် ဦးသိုက်ထွန်းဦးက ပြောသည်။
“ သူတို့ပစ္စည်းတွေကို ပြန်တောင်းရာကနေမှ နိုင်ကျဉ်းအမျိုးသမီးတွေနဲ့ စကားပြောတဲ့အခါမှာ ပဋိပက္ခပုံစံမျိုး သူတို့က ဖန်တီးတယ်။ အဲ့ဒီနောက်မှ ထောင်ဦးစီးအရာရှိတွေနဲ့ အမျိုးသားထောင်ဝန်ထမ်းတွေ ရောက်လာပြီး ဆဲဆိုတာတွေ သေနတ်ဖောက်တာတွေ ရိုက်နှက်တာတွေလုပ်တယ်။ အမျိုးသမီး (၃၀) လောက် ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရတယ် ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်တွင် ကျိုက်မရောအကျဉ်းထောင်မှာ ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသား အပါ အဝင် အခြားအမှုအကျဉ်းသား (၁၅၀) ကျော်ထဲမှ ဒိုက်ဦးအကျဉ်းထောင်သို့ အမျိုးသမီးအကျဉ်းသူ (၆၀) ခန့်ပို့ဆောင်ခံ ရနေပြီး အမျိုးသားအကျဉ်းသားများအား သာယာဝတီအကျဉ်းထောင်သို့ပို့ဆောင်ခဲ့သည်။
ထို့သို့ အကျဉ်းထောင်ပြောင်းရွှေ့စဉ် ဒိုက်ဦးအကျဉ်းထောင်အဝင်တွင် အကျဉ်းသူများကို စစ်ဆေးရေးပြုလုပ်ရာမှ ဖုန်းနှင့် မူးယစ်ဆေးဝါး တရားမဝင်ယူဆောင်လာသည်ဟုစွပ်စွဲပြီး မူးယစ်ဆေးမှုဖြင့် ထပ်မံတရားဆွဲဆိုရန် စီစဉ်နေသည်ဟု WOPP နိုင်ငံရေးအကျဉ်းသူများအဖွဲ့တာဝန်ခံ မဇူးဇူးမေယွန်းက ဆိုသည်။
“ထောင်တွေမှာ တစ်နေရာကနေတစ်နေရာပို့ပြီဆိုလို့ရှိရင် အဲ့ဒီထောင်မှာ ရှာဖွေမှုအရင်လုပ်ပြီးတော့မှ အခြားထောင်ကို ပို့တာပေါ့နော်။ အဲ့လိုပဲ ကျိုက်မရောထောင်ကနေ တခြားထောင်ကို ပို့ပြီဆိုလို့ရှိရင် ရှာဖွေရေးလုပ်ပြီးတော့မှ ပို့တယ်။ အဲ့လိုအနေအထားမှာ ဒိုက်ဦးထောင်ကို ပြောင်းလာတဲ့ အကျဉ်းသူတွေထဲမှာ ဖုန်းတွေ မူးယစ်ဆေးဝါးတွေ တွေ့တယ် ဆိုတာက ရုပ်တိမရှိဘူး။ သူတို့တွေက သူတို့ရဲ့ လက်ခုပ်ထဲမှာ လုပ်ချင်သလိုတွေလုပ်နေတာ”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသူ ၅,၀၀၀ ကျော်ရှိနေပြီး အကျဉ်းသား/ အကျဉ်းသူတိုင်း ရရှိသင့်သည့် အခွင့်အရေးများဆုံးရှုံးကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ဆေးဝါးကုသခွင့်မရရှိခြင်းတို့လည်း ကြုံတွေ့နေရသည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ထံမှ သိရသည်။