မေလတစ်လအတွင်း တနင်္သာရီတိုင်းရှိ စခန်း ၃ခုသိမ်းပိုက်ရရှိ
******************************
သဇင်
ဇွန် ၁၈၊၂၀၂၄။
တနင်္သာရီတိုင်းတွင် တော်လှန်ရေးလှုပ်ရှားမှု ပိုမိုအားကောင်းလာပြီး မေလအတွင်း စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ကာ စစ်ကောင်စီစခန်း သုံးခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု တနင်္သာရီတိုင်းရှိ စစ်ရေးအခြေနေများကို သုတေသနပြုလုပ်နေသည့် FE5 Tanintharyi အဖွဲ့ထံမှသိရသည်။
ပြီးခဲ့သည့် မေလတွင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ရှိ သရက်ချောင်းမြို့နယ် ပဲဒက်စစ်ကောင်စီခြေကုပ်စခန်း၊ ကျောက်ဆည်ပျူစခန်းနှင့် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိ ပွိုင့် ၁၀၂၀ ခြေကုပ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA၊ တနင်္သာရီအခြေစိုက်တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“စစ်ကောင်စီဘက်က လုပ်လေ့ရှိတာကတော့ စခန်းတစ်ခု အသိမ်းခံရတိုင်းမှာ အဲ့ဒီအနီးဝန်းကျင်စခန်းတွေလည်း ပြိုပြီးဆင်းသွားတဲ့ ပုံစံမျိုးပေါ့နော်။ စခန်းကြီးတစ်ခုကျသွားရင် သူတို့က အဲ့ဒီဝန်းကျင်မှာမနေရဲတော့ပဲနဲ့ နောက်ကိုဆုတ်ပြီးတော့ တခြားစခန်းနဲ့ ပေါင်းစည်းပြီးတော့ သွားနေလိုက်တာတွေ မြင်ရပါတယ်”ဟု တိုင်းစစ်ဌာန (တနင်္သာရီ)ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
စစ်ကောင်စီတပ်၏ခြေကုပ်စခန်းများကို သိမ်းပိုက်လာနိုင်သည်နှင့်အမျှ ယင်းစခန်းအနီးရှိ တပ်စခန်းငယ်များလည်း စခန်းစွန့်ခွာလာကြသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီကလည်း ၎င်းတို့စခန်းများပြန်ရရေးအပါအဝင် နယ်မြေစိုးမိုးနိုင်ရေးအတွက် မေလအတွင်း တနင်္သာရီတိုင်းတွင် လေကြောင်းမှုတိုက်ခိုက်ခံရမှု ၅၆ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှု ၁၀ ကြိမ်ခန့်အထိရှိခဲ့သည်ဟု FE5 Tanintharyi မှ ဖော်ပြထားသည်။
စစ်ရှောင်ဦးရေမှာလည်း ပြီးခဲ့သည့်နှစ်တွင် ဒေသခံစစ်ရှောင် ၄၀,၀၀၀ ခန့်ရှိခဲ့ပြီး ယခုနှစ်တွင် ၆၀,၀၀၀ ဝန်းကျင်ထက်မနည်း တိုးလာသည်ဟု ယင်းအဖွဲ့အစည်းထံမှ သိရသည်။
“ဒီနှစ်နှစ်ဆန်းထဲက တောက်လျှောက်တိုက်ပွဲတွေများလာတာရော လေကြောင်း တိုက်ခိုက်ခံရတာတွေလည်းများတော့ စစ်ရှောင်ပိုများလာတယ်” ဟု FE5 Tanintharyi အဖွဲ့ တာဝန်ရှိသူကပြောသည်။
တနင်္သာရီတိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီတပ်စခန်းတစ်ချို့ကို ဝန်းရံပိတ်စို့ထားသည့်အတွက် တိုက်ပွဲ များ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု တိုင်းစစ်ဌာနများထံမှ သိရသည်။
ပုံ-ဇွန်လ ၁၄ရက်က အောင်သာဝရစခန်းသိမ်းတိုက်ပွဲတွင် ရရှိခဲ့သည့် လက်နက်ခဲယမ်းများ။
****
Telegram – > https://t.me/ThanLwinKhetNews/4816
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.com/?p=9196