ဖမ်းဆီးခံရသည့် စစ်တွေဒေသခံများ မိသားစုနှင့် အဆက်အသွယ်ပြတ်နေ
************************
ခင်သရဖီဦး
ဇွန် ၁၈၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ စစ်ကောင်စီ ဖမ်းဆီးသွားသည့် လူများအား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးဘဲ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေသည်ဟု စစ်တွေဒေသခံများထံက သိရသည်။
“ဖမ်းဆီးသွားတဲ့ နေရာတွေကလည်း မသိပါဘူး။ ဘယ်နေရာတွေကို ဖမ်းသွားလည်း မသိရဘူး၊ မိသားစုဝင်တွေက စိတ်ပူနေကြတာပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီက စစ်ကား ၁၀ စီးဖြင့် မင်းဂံ အကွက် ၈၊ ၉၊၁၀၊ ၁၁ ၊ ၁၂ စ သည့် ရပ်ကွက်ငါးခုမှ လူ ၂၀၀ ခန့်အား စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။
“စစ်ဆေးမေးမြန်းစရာတွေရှိတယ် ဆိုပြီး ဖမ်းသွားတာ။ ၁၇ ရက်နေ့ကတော့ အဆက်အသွယ် လုပ်ပြီးငွေပေးရမယ်။ ငွေပေးရင် လွတ်ပေးမယ်ဆိုပြီး ဖုန်းနဲ့ငွေလှမ်းတောင်းလည်းရှိတာပေါ့၊ ဒါပေမဲ့ဘယ်နေရာတွေမှာ ဖမ်းဆီးထားတယ် ဆို တာမျိုးမသိရဘူး။ ဘယ်နေရာကို လာရမယ်ဆိုပြီးလည်းပြောတာမရှိဘူးလို့ သိရတယ်” ဟု မင်းဂံရပ်ကွက်မှ ဒေသခံတစ်ဦးက ဆိုသည်။
ထိုအပြင် ဖမ်းဆီးခံရသူများတွင် မင်းဂံရပ်ကွက်မှ ဒေသခံများအပြင် စစ်ကောင်စီက အဓမ္မပြောင်းရွှေ့ခိုင်းခြင်းကြောင်း စစ်ဘေးရှောင်နေသည့် အုန်းရေဖော်၊ ရေချမ်းပြင်၊ အောင်ဒိုင်၊ ပျားလယ်ချောင်း၊ သင်းပုန်းတန်းကျက်တောပြင်၊ မောင်နီပြင်ကျေးရွာများမှ ဒေသခံများပါဝင်သွားသည်ဟု ၎င်းက ပြောသည်။
အာရက္ခတပ်တော်-AA ၏ စစ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်တွေဒေသခံများအား လွတ်မြောက်နေမြေများတွင် ခိုလှုံ့ကြရန် ပြီးခဲ့သည့်ဧပြီလပိုင်းတွင် ပြောဆိုထားသော်လည်း ငွေကြေးအခက်အခဲနှင့် လမ်းပိတ်ဆို့မူများကြောင်း မြို့ ထဲတွင် ဒေသခံတစ်ချို့ကျန်ရှိနေသေးသည်။
စစ်ကောင်စီအနေဖြင့် စစ်တွေမြို့ပေါ်တွင် ရှောင်တခင် စစ်ဆေးဖမ်းဆီးခြင်းများ မကြာခဏ ပြုလုပ်နေခြင်းကြောင်း ကျန်ရှိနေသည့် မြို့ခံများမှာ စိုးရိမ်နေရသည်ဟု မြို့ပေါ်နေ ဒေသခံတချို့ထံမှ သိရသည်။
ပုံ- လူသူရှင်းလင်းနေသည့် မင်းဂံရပ်ကွက်လမ်းတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- သံလွင်ခက်
****
Telegram – > https://t.me/ThanLwinKhetNews/4816
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.com/?p=9199