TNLA တပ်စခန်းကို စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်၊ TNLA တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရ
***********
သံလွင်ခက်။
ဇွန် ၁၉ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုနယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒရုန်း (၂)စင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော်-TNLA တပ်ဖွဲဝင်တစ်ဦးကျဆုံးခဲ့ရပြီး လေးဦး ဒဏ်ရာရခဲ့သည်ဟု TNLA က ယမန်နေ့၌ ထုတ်ပြန်သည်။
နောင်ချိုမြို့နယ် အုမ္မတီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆမ္မဆယ်ရွာဘက်သို လက်နက်ကြီး (၄) လုံးပစ်ခတ်ပြီး တအာင်းတပ်မတော် တပ်စခန်းရှိရာကို ကျရောက်ပေါက်ကွဲခဲ့သည်။
ဇွန်လ (၁၈)ရက် ညနေ (၃း၄၄) တွင်တစ်ကြိမ်၊ (၃း၅၀)တွင်တစ်ကြိမ်၊ (၃း၅၅)တွင်တစ်ကြိမ် လက်နက်ကြီးပစ်ခတ်မှု များပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု TNLA ကထုတ်ပြန်ထားသည်။
ဇွန်လ (၉) ရက်တွင်လည်း မိုးမိတ်မြိုနယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပေါင် (၅၀၀) ဗုံးအသုံးပြု၍ မန်ပိန်းနှင့် ပန်တင်ရွာကြားတွင် လာရောက်ကြဲချခဲ့ပြီး TNLA တပ်သား (၃) ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။
စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော် တည်ရှိရာကို နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု TNLA ကထုတ်ပြန်ထားသည်။