မြဝတီမြို့တောင်ဘက် စုကလိထစခန်းအား ပူးပေါင်းတပ် သိမ်းပိုက်
**************
ပန်ပန်
ဇွန် ၁၈၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်၏ စုကလိထ ခြေကုတ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က ယနေ့ ဇွန် ၁၈ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
စုကလိထဒေသရှိ စစ်ကောင်စီတပ်၏ ခြေကုတ်စခန်းကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ အမှန်တော့ မနေ့ကတည်းက သိမ်းနိုင်တာပေါ့။ ဒါမယ့် ဒီနေ့တော့ အပြီးသတ်သိမ်းပိုက်နိုင်တာ။ သိမ်းတာကတော့ အဖွဲ့စုံပဲ။ ” ဟု စစ်ရေးနီးစပ်သူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
စခန်းသိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်သည့် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အထူးစစ်ဆင်ရေးအဖွဲ့ Special Operation Group-SOG ကလည်း စုကလိထ ခြေကုတ်စခန်းကို သိမ်းယူလိုက်နိုင်ပြီဟု အသိပေးထုတ်ပြန်သည်။
စုကလိထတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ၊ ဟောင်ဝှစ်ဇာပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “ မနေ့ကဆို တစ်နေကုန်ပဲ ဝေါလေဗျူဟာကုန်းကနေပြီးတော့ ဟောင်ဝှစ်ဇာနဲ့ပစ်တာ အကြီးအကျယ်ပဲ။ ဒီနေ့ဆိုလည်း လေယာဉ်နဲ့တစ်နေကုန်လာပစ်နေတာ။” ဟု ဆိုသည်။
အဆိုပါ စုကလိထ ခြေကုတ်စခန်းတွင် စစ်ကောင်စီတပ်သားအင်အား ၅၀ ဝန်းကျင်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
ထိုစခန်းတွင် စစ်ကောင်စီ ခမရ ၅၅၆ တပ်ရင်းနှင့် ခလရ ၃၂ တပ်တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပူးတွဲထိုင်နေပြီး ၎င်းတပ်ဖွဲ့ဝင်များအနေဖြင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံ လက်နက်ချလာရောက်ပူးပေါင်းရန်၊ ပူးပေါင်းလာမှုမရှိပါက စခန်းကို ရရှိအောင် တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် – KNDO တပ်ဖွဲ့များက ပူးတွဲ အသိပေးစာ ပေးပို့ထားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဒေါနတောင်အရှေ့ခြမ်း၊ ထိုင်း – မြန်မာ နယ်စပ်စခန်းဖြစ်သည့် စုကလိထ စခန်းအားသိမ်းပိုက်နိုင်ပြီဖြစ်သောကြောင့် ထိုဒေသတဝိုက်တွင် စစ်ကောင်စီ၏ ဝေါ်လေဗျူဟာကုန်း၊ ကနဲလေးထ၊ ထီးကပလယ်စသည့် တပ်စခန်းများသာကျန်ရှိတော့သည်။
****
Telegram – > https://t.me/ThanLwinKhetNews/4822
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.com/?p=9219