စစ်ကောင်စီလက်နက်ကြီးအန္တရာယ်ကြောင့် သထုံခရိုင်က ဥယျာဉ်ခြံလုပ်ငန်းတချို့ ရပ်ဆိုင်း
*************************
သဇင်
ဇွန် ၁၉၊၂၀၂၄။
မွန်ပြည်နယ်၊ သထုံခရိုင်ရှိ ဘီးလင်းနှင့်သထုံမြို့နယ်အစပ်ကျေးရွာများတွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ဥယျာဉ်ခြံလုပ်ငန်းတချို့ ရပ်ဆိုင်းထားရသည်ဟု ဒေသခံများထံမှ သိရသည်။
“ပြီးခဲ့တဲ့ လပိုင်းကတည်းက ည ၇ နာရီဆိုပစ်ပြီး ညတိုင်းတိုင်းပစ်တယ်သေတာကျေတာလည်းရှိတာပေါ့။ ခြံလုပ်တဲ့သူတွေတင်မဟုတ်ဘူး တချို့က ရွာထဲမှာတောင် မနေကြတော့ဘူး လွတ်ရာကျွတ်ရာကိုရှောင်နေကြတယ်။ လောလောဆယ် အဲ့မှာတွေကတော့ ရွာပျက်လိုပုံစံမျိုးဖြစ်သွားကြတာပေါ့” ဟု လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးကဆိုသည်။
သထုံခရိုင်အတွင်းရှိ အဝန်းကြီး၊ ရွှေရောင်ပြ၊ ခဲမောက်၊ ခလောက်အင်း၊ နောင်ဘို၊ ပိန္နဲတောစသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပျက်စီးမှုနှင့် ဒေသခံထိခိုက်သေဆုံးမှုရှိနေပြီး ဒေသခံများဘေးလွတ်ရာရှောင်တိမ်းနေရကာ ဥယျာဉ်ခြံလုပ်ငန်းများရပ်နားထားရခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ခဲမောက်ရွာမှ အမျိုးသမီးသုံးဦးနှင့် အဝန်းကြီးရွာမှ ကိုရင်တစ်ပါးသေဆုံးကာ ရွှေရောင်ပြကျေးရွာမှ အသက် ၁၅ နှစ် အောက်ကလေးငယ်သုံးဦးအပါအဝင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရွှေရောင်ပြကျေးရွာမှ ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင်လည်း လက်နက်ကြီးထိမှန်မှုကြောင့် ဘုန်းကြီးကျောင်းဆောင် တချို့ပျက်စီးခဲ့ပြီး နေအိမ်ခုနှစ်လုံးထက်မနည်းပျက်စီးခဲ့သည်။
တချို့ဒေသခံများမှာ လုံခြုံရေးအန္တရာယ်စိုးရိမ်သောကြောင့် ခြံသို့မသွားကြတော့သည့်အတွက် ခြံလုပ်ငန်းလုပ်ကိုင်သူနည်းပါးလာသည်ဟု နောင်ဘိုကျေးရွာဒေသခံတစ်ဦးက ပြောသည်။
“ခြံလုပ်ငန်းက ဒီအချိန်ဒီအခါက သွားလာလို့ကောင်းတဲ့အချိန်မှမဟုတ်တာ။ တချို့တွေဆိုရင် ဒီတိုင်းပဲ ခြံကိုပစ်ထားရတဲ့သူတွေလည်းရှိတယ်။လုံခြုံရေးကြောင့်ပေါ့ ခြံထဲသွားရင် စစ်သားတွေနဲ့လည်း တွေ့ရင်တွေ့နိုင်တယ်။ တောက ကလေးတွေနဲ့လည်း တွေ့ရင်တွေ့နိုင်တယ်။ တချို့ခြံတွေဆို နည်းနည်းတောကျတော့ သွားဖို့လာဖို့ ဘယ်လိုမှအဆင် မပြေဘူး။ အဲ့ဒါမျိုးတွေကျတော့ မသွားကြတော့ဘူး”ဟု ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ လှုပ်ရှားသည့် သထုံခရိုင်ရှိ ကျေးရွာများသည်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုဒဏ်ကို ပို၍ ခံစားရသော မြို့နယ်တစ်ခုဖြစ်သည်။
ပုံ-ရွှေရောင်ပြကျေးနယ်ရှိ ရွာများကို လက်နက်ကြီး ကျရောက်မှုကြောင့် နေအိမ်ပျက်စီးမှုမြင်ကွင်း။ ဓာတ်ပုံ -KNU
****
Telegram – > https://t.me/ThanLwinKhetNews/4823
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.com/?p=9225