ပဲခူးမြို့၊ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ပျံလွန်တော်မူသည့်ဖြစ်စဉ်အပေါ် စစ်ကောင်စီဘက်က တာဝန်ယူရန် အထင်ကရ ဆရာတော်များ မိန့်ကြား
*********
ယမင်းဖူးပွင့်အောင်
ဇွန် ၂၁၊ ၂၀၂၄။
ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်၊ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံ ပျံလွန်တော်မူသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှုရှိရန် အထင်ကရဆရာတော်ကြီးများက ထုတ်ဖော်မိန့်ကြားထားသည်။
ဝင်းနိမ္မိတာရုံဆရာတော်နှင့်အတူ အခင်းဖြစ်ရာ နေရာတွင် ရှိခဲ့သည့် ဆရာတော်က ဖြစ်စဉ်အလုံးစုံကို သံဃာများအား မိန့်ကြားခဲ့ပြီးဖြစ်၍ အဖြစ်မှန်ကို တာဝန်ယူလိုစိတ်၊ သူတော်ကောင်းစိတ်မွေး၍ ဝန်ခံတောင်းပန်ရန် ရွှေကျင်ဂိုဏ်းဝင် ဒေါက်တာအရှင်ဘဒ္ဒန္တကောဝိဒသိရီ (သီတဂူစတား) က ယနေ့နံနက်ပိုင်းတွင် သူ၏ လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားခဲ့သည်။
“အဇာတသတ်တောင် ဖခင်ကို သတ်မိပြီး နောင်တရ အပြစ်ကို ဝန်ခံတောင်းပန်ခဲ့လို့ ဗျာဒိတ်ရ ပစ္စေကဗုဒ္ဓါအလောင်း ဖြစ်သေးတာပဲ။ ပြီးတော့ အိပ်မပျော်ခဲ့တဲ့ ညတွေ အဆုံးသတ်နိုင်သွားခဲ့ပါတယ်။ ဘုရားကို လုပ်ကြံခဲ့တဲ့ အရှင်ဒေဝဒတ်ကတော့ သူရဲ့နောင်တက နောက်ကျသွားလို့ တောင်းပန်ခွင့်တောင် မရလိုက်ရှာပါဘူး။ တန်ဖိုးကြီးဆရာတော်ကြီးကို ပစ်မှားမိတာမို့ အကြံပေးခြင်းသာဖြစ်ပါတယ်”ဟု ရေးသားထားသည်။
သီတဂူစတားဆရာတော်ကို ယင်းကိစ္စနှင့်ပတ်သက်၍ သံလွင်ခက်မှ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆရာတော်မှ အင်တာဗျူးကို ဖြေဆိုမည်မဟုတ်ကြောင်းနှင့် ဖေ့စ်ဘွတ်ခ်ပို့စ်ကိုသာ ဖော်ပြရန် မိန့်ကြားခဲ့သည်။
ရန်ကုန်ကံသုံးဆင့် ဆရာတော်က ယမန်နေ့တွင် ပြုလုပ်သည့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်အရှင်မုနိန္ဒာ ဘိဝံသ၏ ဈာပနအခမ်းအနားတွင် ၎င်း၏ တပည့်သာဝကများကို ဖြစ်စဉ်နှင့်ပတ်သက်၍ ပြန်လည်မိန့်ကြားခဲ့ပြီးဖြစ်သည်။
“ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ၊ ဘုန်းကြီးတွေ ဒီလောက် ရက်စက်ရသလားလို့ ဖောကားပေါ်မှာ ပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်၊ စစ်သားတွေ။ ရက်စက်လှချည်လားဆိုတော့ အရှင်ဘုရားတို့ကဗျာ ဘုန်းကြီးမှန်း မသိလို့ပါ။ ကားတံခါး ပိတ်ထားတော့ ရန်သူကားမှတ်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရားတဲ့။ သူတို့ကိုယ်တိုင် ဝန်ခံပါတယ်” ဟု မိန့်ကြားခဲ့သည်။
အဆိုပါပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဦးခေါင်းဒဏ်ရာရရှိထားသည့် ကံသုံးဆင့်ဆရာတော်ကို ဆေးကုသပေးရန်နှင့် ဆွမ်းကပ်လှူရန်လည်း ပျက်ကွက်ခဲ့ပြီး ဖုန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီထိန်းချုပ်မီဒီယာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF များ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဆရာတော်ကြီးစီးနင်းလိုက်ပါသည့် ကားဖြတ်သန်းစဉ် PDF များ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူရခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သားများ၏လက်ချက်ဖြင့် ပျံလွန်တော်မူခဲ့သည့် ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံ၏ ဖြစ်ရပ်နှင့် ပတ်သက်၍ စစ်ကောင်စီအနေဖြင့် တရားဝင် တစ်စုံတစ်ရာထုတ်ပြောဆိုခြင်းမရှိသေးပေ။
ထိုသို့ စစ်ကောင်စီက အပြစ်ကိုမဝန်ခံဘဲ PDF များပစ်ခတ်သည်ဟုဆိုကာ လွှဲချပြောဆိုနေခြင်းသည် ဆရာတော်ကြီး များ၏ ဂုဏ်သိက္ခာကို စော်ကားရာရောက်သည်ဟု ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) မှ မိန့်ကြားသည်။
“သူတို့ကျူးလွန်ပြီးတဲ့အခါမှာ ပြန်လည်ပြီး တောင်းပန်ခြင်းမရှိတဲ့အပြင် PDF ဆိုပြီး လွှဲချတယ်။ သတင်းအမှားတွေ လုပ်တယ်။ ဆရာတော်ကြီးတွေရဲ့ ဂုဏ်သိက္ခာကို စော်ကားရာကျတာပေါ့။ ဆွမ်းခံလည်း ကိုယ်တိုင်ထွက်ပြီး ရှေ့ဆောင်လမ်းပြနေတဲ့ သီလသမာဓိပညာတွေနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးပါ။ ဆရာတော်ကြီးပျံလွန်တော်မူသွားတာ သာသနာတော်အတွက် အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုပါ” ဟု ပြောသည်။
ထို့ပြင် ကားဆရာပြောဆိုချက်၊ ကနဦးအစီရင်ခံစာရေးသားတင်ပြချက်များနှင့် ကံသုံးဆင့်ဆရာတော်၏ ပြောဆိုချက် ကွဲလွဲနေသည်ဟုဆိုကာ ဖြစ်စဉ်အမှန်ကို ပြန်လည်ဖော်ထုတ်၍ လိုအပ်သလို စိစစ်အရေးယူသွားမည်ဖြစ်သည်ဟု စစ်ကောင်စီ ပဲခူးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဆရာတော်ထံလာရောက်လျှောက်ထားသည့် ဗီဒီယိုဖိုင်လည်း လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။