စစ်ကောင်စီက VPN စစ်ဆေးငွေညစ်နေမှုကြောင့် Delivery သမားများအခက်တွေ့
******************
စကားမောင်
ဇွန် ၂၂၊ ၂၀၂၄။
ရန်ကုန်နှင့် မန္တလေးမြိုကြီးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လမ်းသွားပြည်သူများ၏ဖုန်းထဲတွင် VPN ရှိမရှိ စစ်ဆေးမှုများကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အခက်တွေ့နေသည်ဟု ယင်းနယ်ပယ်မှ လုပ်ငန်းရှင်များနှင့် အလုပ်သမားများထံက သိရသည်။
ယခုလဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စီမံချက်ရှိသည်ဟု အကြောင်းပြချက်ဖြင့် လမ်းသွားလမ်းလာ ပြည်သူများကို VPN စစ်ဆေးကာ ငွေကောက်ခံမှုများနှင့် ဖမ်းဆီးမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။
“အဓိကတော့ အွန်လိုင်းရှော့ပ်တွေက သိပ်မလုပ်ရတော့ဘူး။ အဲ့လိုဆိုတော့ ကျွန်တော်တို့ပစ္စည်းပို့တဲ့သူတွေလည်း ခက် ခဲတယ်။ ကျွန်တော်ကတော့ ရရာအလုပ် ရှာကျန်ပြီးတော့လုပ်ရတာပေါ့”ဟု ရန်ကုန်မြို့တွင်နေထိုင်၍ ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
သယ်ယူပို့ဆောင်ရေးသမားများအနေနဲ့ ပစ္စည်းပို့ဆောင်ရာတွင် လုပ်ငန်းလိုအပ်ချက်အရ အင်တာနက်အသုံးပြုကာ စာပို့ခြင်း၊ အသိပေးခြင်းများပြုလုပ်ရသောကြောင့် အပြင်သွားရာတွင် VPN ဖျက်ထား၍ မရနိုင်ဖြစ်နေသည်ဟု ၎င်းက ပြောသည်။
“စိုးရိမ်စိတ်ကရှိပေမယ့် ဒီလိုမှမလုပ်လည်း စားဖို့မှ အဆင်မပြေတော့သလို အစစ်ခံရလည်းအဖမ်းခံရဖို့ပဲရှိတော့တယ်။ ကျွန်တော်တို့ဘဝတွေကတော့ ဒီ့ထက်ပိုဆိုးဖို့ပဲရှိတော့တယ်။ မနက်ပိုင်း တခါတလေပစ္စည်းပို့ ပြီးရင်ညနေပိုင်း မြောင်း ဖော်ဆိုလည်းဖော်၊ ဒီလိုပေါ့ လက်လုပ်လက်စား လိုက်လုပ်ရတာပေါ့”ဟု ၎င်းဆက်လက်ပြောသည်။
ထိုသို့ စစ်ကောင်စီက VPN များ ကန့်သတ်လိုက်ခြင်းကြောင့် အွန်လိုင်းစီးပွားရေးလုပ်ငန်းများလည်း အခက်တွေ့လာရသည်ဟု စီးပွားရေးလုပ်ငန်းရှင်များထံက သိရသည်။
“ညီမတို့ဆိုမြို့နယ်အနှံ့ပို့နေတာဆိုတော့ လိုင်းလုံးလုံးသုံးမရတဲ့နေရာတွေလည်း ကြုံရတယ်။ ဘယ်ဟာနဲ့မှချိတ်ပြီးတော့ သုံးလို့လုံးဝမရဘူး။ လုံးဝအင်တာနက်လိုင်းက အဆင်မပြေဘူး။ ကိုယ့်ကိုပို့ထားတဲ့ဒေတာတွေကို ပြန်ကြည့်တဲ့ အချိန် ကျရင် ဘယ်လိုမှအဆင်မပြေတော့ဘူး အင်တာနက်လိုင်းက”ဟု အွန်လိုင်းဈေးရောင်းခြင်းနှင့် ပစ္စည်းပို့ဆောင်ခြင်း လုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးကဆိုသည်။
ထို့အပြင် စစ်ကောင်စီက VPN မပိတ်ပင်ခင်နှင့် ပိတ်ပင်ပြီးအခြေအနေတွင် ဈေးရောင်းရသည့်အခြေအနေမှာ ၈၀ ရာ ခိုင်နှုန်းခန့်ကျဆင်းသွားသည်ဟု ၎င်းက ပြောသည်။
ပုံစာ – အွန်လိုင်း အရောင်းအဝယ်ပို့စ်တစ်ခုကို
****
Telegram – > https://t.me/ThanLwinKhetNews/4849
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.com/?p=9273