ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကိုပစ်ခတ်ခဲ့သည့် စစ်ကောင်စီက သာသနာစည်ပင်ပြန့်ပွားရန် ဆောင်ရွက်ခဲ့ဟု ပြောဆိုပြန်
************
သံလွင်ခက်။
ဇွန် ၂၂ ၊ ၂၀၂၄။
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို ပစ်ခတ်ခဲ့သည့် စစ်ကောင်စီက သာသနာစည်ပင်ပြန့်ပွားရန်ဆောင်ရွက်ခဲ့ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။
ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပဲခူးမြို ၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရေးအတွက် စီစစ်ဆောင်ရွက် လျက်ရှိမှု အခြေအနေနှင့်ပတ်သက်ပြီး ပြောကြားခဲ့ရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “တပ်မတော်အနေနဲ့ ဒီမြန်မာနိုင်ငံမှာ ယာဉ်ကျေးမှု ဘာသာသာသနာ စည်ပင်ထွန်းကားပြန့်ပွားစေဖို့ ခိုင်မာစေဖို့ ရှေးယခင်ထဲက ယနေ့အထိတက်ကြွနှိုးကွားစွာဆောင်ရွက်ခဲ့ရတာကို ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ ဘာသာဝင်အားလုံး အသိဖြစ်ပါတယ်” ဟုဆိုသည်။
စစ်ကောင်စီက ထိုသို့ပြောကြားနေသော်လည်း ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု သံဃသမဂ္ဂ (မန္တလေး) က ယမန် နေ့တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ယင်းနေ့ တစ်ရက်တည်းမှာပင် ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များက စစ် အာဏာရှင်တို့ကြောင့် တစ်နေ့တစ်ခြားယုတ်လျော့ ကျဆင်းလာနေသော သာသနာတော်ကို ပြန်လည်တည့်မတ်စေဖို့နဲ့ စစ်အာဏာရှင်တို့ကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရသော ပြည်သူများအပေါ် မေတ္တာရှေ့ထားပြီး ဆောင်ရွက်ဖွယ်ရာ ပရိကံ ဆောင်ခြင်းအမျိုးမျိုးကို ဝိနည်းတော်နှင့်အညီ ဆောင်ရွက်ကြရန် အချိန်ကျရောက်လာပြီဟု ထုတ်ပြန်ထားသည်။
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် စီးနင်းလိုက်ပါလာသည့် ကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးအရ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန့်နေ့တွင် ပြောကြားခဲ့သည်။
၎င်းက “လုံခြုံရေးအဖွဲ့တွေဟာ ကံမရွာရဲ့ထိပ် ဘုရားအနီးလမ်းပေါ်မှာ ကံမရွာဘက်က မောင်းနှင်လာတဲ့ အရပ်နံပါတ် လိုင်စင်တပ် SURF အမျိုးစားယာဉ်တစ်စင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယာဉ်ကို ရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ အော် ဟစ်တားဆီးတာတွေ လက်ပြတားဆီးတာတွေ လုပ်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ဆုံး သေနတ်ကို မိုးပေါ်ထောင် ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာလည်း သိရှိခဲ့ရပါတယ်။ အရပ်ကား SURF ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါ မှာ နောက်ကနေလည်းပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကို အကြမ်းဖျင်းသိရှိရပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံ စီစစ်ဆန်းစစ်သွားမှာဖြစ်ပါတယ် ” ဟုဆိုသည်။
ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကို ပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုယ်တိုင်ဝန်ခံ ခဲ့သည်ဟု ကားထဲတွင် အတူလိုက်ပါခဲ့သည့် ကန်သုံးဆင့်ဆရာတော်က မိန့်ကြားပြီးနောက် စစ်ကောင်စီဘက်က ပထမ အကြိမ်ဝန်ခံခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အဆင့်မြင့်အရာရှိများပါဝင်သည့် စုံစမ်းစစ်ဆေး အဖြစ်မှန်ဖော်ထုတ်ရေး အဖွဲ့ကိုဖွဲ့စည်းပြီး ဖော်ထုတ်သွား မည်ဖြစ်ပြီး စုံစမ်းဖော်ထုတ်သိရှိချက်များအရ အရေးယူဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားမည်ဟု စစ်ကောင် စီက ပြောဆိုထားသည်။
ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်၊ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံ ပျံလွန်တော်မူသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှုရှိရန် အထင်ကရဆရာတော်ကြီးများက လူမှုကွန်ယက် စာမျက်နှာများတွင် ထုတ်ဖော်မိန့်ကြားထားသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4852
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.com/?p=9277