ပထမဦးစားပေး ဟုတ်မနေသည့် မြန်မာ့ပညာရေးကဏ္ဍ
******************
ကောင်းချစ်အောင်
ဇွန် ၂၅၊ ၂၀၂၄။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနအောက်မှာ လည်ပတ်နေသည့်ကျောင်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊တော်လှန်ရေးအင်အားစုများ လက်အောက်မှာရှိသည့်ကျောင်းများ ဆိုပြီး လွန်ခဲ့သည့် သုံးနှစ်အတွင်း ကွဲပြားမှုများ ပေါ်ပေါက်လာခဲ့သည်။
တစ်ဘက်တွင်လည်း လက်နက်ကိုင်ပဋိပက္ခသည် အရှိန်အမြင့်ဆုံးကာလတစ်ခုကို ဖြတ်သန်းနေရပြီး စာသင်ကျောင်းမှ ခေါင်းလောင်းသံသည် သေနတ်သံများကြားမှာ လွှမ်းမိုးခံနေရပြန်သည်။
တစ်နည်းအားဖြင့်ဆိုသော် လက်နက်ကိုင်တိုက်ပွဲ အောင်နိုင်ရေးအတွက် နှစ်ဘက်အင်အားစုများ ပြိုင်ဆိုင်နေရချိန်တွင် ကလေးသူငယ်များ၏ အခြေခံပညာရေးကဏ္ဍအတွက် ထည့်သွင်းစဉ်းစားမှုသည် မှေးမှိန်နေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်းသည် ခေတ်အဆက်ဆက် ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် နိမ့်ကျခဲ့သည်ဟု ကမ္ဘာ့ဘဏ်ကဆိုထားသည်။
“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့”ဟူသော ဆိုင်းဘုတ်ကို အစိုးရ အခြေခံပညာကျောင်းတိုင်းတွင် စိုက်ထူထားသော်လည်း အစိုးရဆက်ဆက် ပညာရေးဘတ်ဂျက်သုံးစွဲမှုမှာတော့ နည်းပါးနေဆဲဖြစ်သည်။
“အာဏာရှင်ကတော့ တိုင်းပြည်မှာ ပညာမတတ်တာကိုပဲ လိုချင်တာပဲ အမှားအမှန် ကောင်းကောင်းခွဲခြားတတ်တဲ့သူတွေ ပေါလာရင် သူတို့ကိုပြန်တော်လှန်မှာ ကြောက်လို့ပဲ”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးဟောင်းဖြစ်သူ ကိုမင်းသွေးသစ်ကဆိုသည်။
၂၀၁၄ခုနှစ်တွင် ဦးသိန်းစိန်က သမ္မတရာထူးဆောင်ရွက်နေပြီး အစိုးရတစ်ခုလုံးအတွက် ဘတ်ဂျက်ရေးဆွဲရာတွင် ပညာရေးအတွက် ၇ခိုင်နှုန်းသတ်မှတ်သည့် အမျိုးပညာရေးမူဝါဒကို ပြဌာန်းခဲ့သည်။
အဆိုပါဥပဒေကို သပိတ်မှောက်ခဲ့သည့် ကျောင်းသားများထဲတွင် ကိုမင်းသွေးသစ်လည်း အပါအဝင်ဖြစ်ခသည်။ ကျောင်းသားများ၏ ထောက်ပြမှုကြောင့် ပညာရေးဘတ်ဂျက် တိုးမြှင့်ပေးမှုများ ရှိခဲ့သော်လည်း မျှော်မှန်းထားသည့် အခြေအနေသို့မရောက်ဟုဆိုသည်။
“တိုင်းပြည်တည်ဆောက်ရေးအပိုင်းမှာ တချို့နိုင်ငံတွေဆိုရင် ၂၀ရာခိုင်နှုန်းလောက်အထိထားတယ် ကျွန်တော်တို့ကတော့ ၁၅လောက်တော့မှန်းထားတယ် အခုကမသေရုံတမယ်ပညာရေးပဲ”ဟု ကိုမင်းသွေးသစ်ကဆိုသည်။
၂၀၁၉-၂၀၂၀ခုနှစ် ဘတ်ဂျက်သုံးစွဲမှုတွင် ပညာရေးဝန်ကြီးဌာနအတွက် ၂၆၈၅ ဘီလီယံကျပ် သုံးစွဲခဲ့ပြီး ပြည်ထောင်စုတစ်ခုလုံး၏ ၈ ဒဿမ ၄ရာခိုင်နှုန်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် အမြင့်ဆုံးအဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကျပ်ဘီလီယံ ၂၈၀၀ကျော်အထိ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သညိ။
၂၀၂၁ခုနှစ်တွင် အာဏာသိမ်းမှုပေါ်ပေါက်လာပြီး တိုင်းပြည်၏ အခြေခံယန္တရားများ ရပ်တန့်သွားခဲ့ရသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဆရာမဦးရေ တစ်သိန်းခွဲနီးပါး အလုပ်ထုတ်ခံမှုနှင့်အတူ မြန်မာ့ပညာရေးကဏ္ဍလည်း ရပ်တန့်ခဲ့ရသည်။
တိုင်းပြည်တွင်း မငြိမ်မသက်မှုအခြေနေများကြောင့် ပညာရေး၊ကျန်းမာရေး ဝန်ဆောင်မှုများ ရပ်တန့်ခဲ့ရပြီး အစိုးရတစ်ရပ်အဖြစ် ပုံဖော်ချင်နေသည့် စစ်ကောင်စီဘက်ကလည်း ကာကွယ်ရေးဘတ်ဂျက်ကိုပဲ အလေးပေးတိုးမြှင့်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးသတ်မှတ်သည့် ၂၀၂၂-၂၀၂၃ ဘတ်ဂျက်သုံးစွဲမှုတွင် ပညာရေးအတွက် ကျပ်ဘီလီယံ ၂၁၀၀ကျော်၊ ကာကွယ်ရေးအတွက် ကျပ်ဘီလီယံ ၃၇၀၀ကျော်အထိ ရှိခဲ့သည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအတွက် ကျပ်ဘီလီယံ ၅၆၀၀ကျော် သုံးစွဲခဲ့ပေမယ့် ပညာရေးအတွက် ၂၁၈၈ ဘီလီယံသာရှိခဲ့သည်။
စစ်ကောင်စီ၏ ဘဏ္ဍာရေးမူဝါဒစာတမ်းတွင် ဦးစားပေးအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုသုံးစွဲမည်ဟု ကတိကဝတ်ပြုထားသော်လည်း လက်တွေ့၌မူ ပဋိပက္ခအောင်နိုင်ရေးကို ဦးစားပေးထားသည်။
အာဏာသိမ်းစစ်တပ်က ၂၀၂၃တွင် ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေမှုနှင့်အတူ ပြည်တွင်း၌ ကုန်ဈေးနှုန်းမြင့်တက်လာကာ ကျပ်ငွေတန်ဖိုးကျဆင်းလာခဲ့သည်။
ယခု ၂၀၀၀ဘီလီယံကျော်သည် ယခင်ငွေကြေးတန်ဖိုးနှင့် မညီမျှတော့ပေ။ထို့ကြောင့် စစ်ကောင်စီ၏ ပညာရေးအသုံးစရိတ်သည် ဖွံ့ဖြိုးတိုးတက်မှုအတွက် လုံလောက်မှုမရှိဘူးဟု Non CDM ဆရာမများကအစ ထင်မြင်ကြသည်။
“ငွေကြေးဖောင်းပွလာပေမယ့် လစာကတော့ အရင်အတိုင်းပဲ မဖြစ်သာလို့ လုပ်နေရတာ”ဟု စစ်ကောင်စီစာသင်ကျောင်းတွင်း တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြဆရာမတစ်ဦးကဆိုသည်။
ဘတ်ဂျက်သုံးစွဲမှုတွင် ဝန်ထမ်းလစာပေးချေမှုသည် ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး အဆောက်အဦနှင့် ရုပ်ပိုင်းဆိုင်ရာပစ္စည်းများအတွက် ဒုတိယအများဆုံးဖြစ်သည်။ သို့သော်လည်း မလုံလောက်ဘဲ ဖြစ်နေသည်။
“သင်ထောက်ပစ္စည်းတွေ မလုံလောက်တဲ့ဟာ အဓိကပဲပေါ့ ကလေးတွေကို ကာယချိန် သိပ္ပံချိန်တို့ကို ဒီတိုင်းထိုင်ခိုင်းထားရတာမျိုးရှိတယ်”ဟု အဆိုပါဆရာမက ရှင်းပြသည်။
သူ့၏စိတ်ထဲတွင် ကလေးများကို သက်ဆိုင်ရာအတန်းအလိုက် တတ်သိသွားရမည့်အရာများကို အပြည့်အဝမသင်ပေးနိုင်သဖြင့် စိတ်မကောင်းဖြစ်နေရသည်ဟု ဆိုသည်။
စစ်ကောင်စီအစိုးရအောက် စာသင်ကျောင်းများကို ပစ်ဖယ်ပြီး ပုဂ္ဂိုလိကကျောင်းများ(Private School)ကို ရွေးချယ်မှုများလည်း တိုးလာသည်ဟု သိရသည်။
မန္တလေးမြို့ Non Cdm ဆရာမတစ်ဦးကတော့ “ငွေကြေးကြပ်တည်းလာတာ မှန်ပေမယ့် မိဘတွေက ပိုကောင်းတဲ့ ပညာရေးအတွက် private တွေဘက်ပဲ ပိုအပ်လာကြတာများတယ်”ဟု ဆိုသည်။
စစ်ကောင်စီကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများကို တော်လှန်ရေးအင်အားစုများဘက်က အရေးယူဆောင်ရွက်မှုများရှိခဲ့သည်။
တစ်ဘက်တွင်လည်း ခံယူချက်ကြောင့် စစ်ကောင်စီကျောင်းမှ ထွက်လာသူများအတွက် ကိုယ်ထူကိုယ်ထပညာရေးစနစ်ကို တော်လှန်ရေးအင်အားစုများက ဆောင်ရွက်ပေးနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အခြေခံပညာရေးအတွက် အွန်လိုင်းကျောင်း ၇၀ကျော်နှင့် မြေပြင်သင်ကြားရေးကျောင်း ၅၀၀၀ကျော် ဖွင့်လှစ်ထားနိုင်နေပြီဟု ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၅ရက်နေ့မိန့်ခွန်းတွင် ယာယီသမ္မတဒူဝါလရှီးလက ဆိုထားသည်။
NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခြေခံပညာပြီးမြောက်မှုဆန်းစစ်ခြင်းနှင့် စာမေးပွဲဖြေဆိုပြီးကြောင်း လက်မှတ်ရရှိထားသူများ အနေဖြင့် နိုင်ငံတကာ တက္ကသိုလ်များတွင် ဆက်ပြီးပညာသင်ကြားနိုင်ရန် ဆောင်ရွက်နေသည်ဟု ဆိုထားသည်။
၂၀၂၃ခုနှစ်ကို အဆုံးအဖြတ်နှစ်ဟု ကြေညာပြီး စစ်ရေးအရှိန်မြှင့်တင်ရန် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင်ခဲ့သည်ဟု NUG ကဆိုသည်။
“လက်နက်ကိုင်တော်လှန်ရေးက အရေးကြီးတာ နားလည်ပါတယ် ရင်းနှီးသလောက်ပြန်ရတဲ့ ပညာရေးကိုတော့ ပိုအားစိုက်စေချင်တယ်”ဟု ကိုမင်းသွေးသစ်က တိုက်တွန်းထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်နယ်မြေတွင်လည်း ကိုယ်ထူကိုယ်ပညာရေးစနစ်ကို တအာင်းပညာရေးကော်မတီ(TNEC)က ၂၀၂၂မှစတင်ကာ ကြိုးပမ်းနေခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၄၀၀ကျော် ဖွင့်လှစ်ကာ လည်ပတ်နေသော်လည်း ပြီးခဲ့သည့် အောက်တိုဘာ ၂၇ရက်တွင် ပေါ်ပေါက်လာသည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် ယန္တရားများ ရပ်ဆိုင်းခဲ့ရသည်။
ကျောင်းများဖွင့်လှစ်ရာတွင် ဆရာ၊ ဆရာမအင်အားလုံလောက်မှုမရှိခြင်း၊သင်ကြားပေးသူများအား အကျိုးခံစားခွင့်များပေးရန်နှင့် လုံခြုံရေးဆိုင်ရာအခက်ခဲများလည်းရှိသည်ဟု TNECအဖွဲ့ဝင်တစ်ဦးကပြောသည်။
၂၀၂၄ ခုနှစ်တွင် နယ်မြေဆုံးရှုံးများနှင့်အတူ အရေးပေါ်အခြေအနေဖြစ်နေပြီး စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရေးအတွက် စစ်ကောင်စီက ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် အလားလာအများရှိနေသည်။
လာမည့်နှစ်အတွက် ဘတ်ဂျက်ခွဲဝေမှု တရားဝင်ထုတ်ပြန်မလာသေးသော်လည်း ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများအတွက် ဘတ်ဂျက်ချထားမှုမှာ နည်းပါးလိမ့်မည်ဟု ပညာရှင်များက သုံးသပ်ထားသည်။
တစ်ဘက်တွင်လည်း စစ်ကောင်စီနှင့်အပြိုင် တိုက်ပွဲဆင်နေသည့် တော်လှန်ရေးအင်အားစုများ အနေဖြင့်လည်း လက်နက်ကိုင်တော်လှန်ရေးကိုသာ အလေးပေးနေရသည့် အခြေအနေဖြစ်သည်။