သံတွဲမြို့ပေါ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား အားလုံးရပ်တန့်
***********************
ခင်သရဖီဦး
ဇွန် ၂၅၊ ၂၀၂၄
ရခိုင်ပြည်၊ သံတွဲမြို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်- AA တို့၏တိုက်ပွဲများမှာ မြို့အနီးအနားသို့ရောက်ရှိလာပြီးဖြစ်ကာ လက်ရှိတွင် သံတွဲမြို့ပေါ်ရှိစစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားမှာလည်း ရပ်တန့်သွားပြီးဖြစ်ဟု ဒေသခံများထံက သိရသည်။
သံတွဲလေဆိပ်အား AA က သိမ်းပိုက်ထားပြီး ငပလီကမ်းခြေရှိ တပ်ရင်းများကို ဝင်ရောက်ထိုးစစ်ဆင်ပြီးနောက် အရပ်သားတစ်ချို့ မြို့တွင်းမှထွက်ခွာချိန်တွင် စစ်ကောင်စီ၏အုပ်ချုပ်ရေးဌာန၊ ရဲဌာနတို့မှ ဝန်ထမ်းများမှာလည်း ထွက်ပြေးသွားသည်ဟု သံတွဲမြို့၊ အမှတ် (၆)ရပ်ကွက်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ရဲစခန်းကလည်း မနေညကတည်းက အကုန်ပြေးသွားပြီး။ အလံဖြူစိုက်သွားတာတော့မဟုတ်ဘူး။ သူတို့က ပြေးတဲ့ အချိန် သေနတ်နှစ်ချက်ဖောက်သွားတယ်။ ထောင်ဝန်ထမ်းတွေတောင် ဘယ်သူမှ မရှိတော့ဘူး။ တရားရုံးက လူတွေ လည်း မရှိတော့ဘူး။ အစိုးရအဖွဲ့ကလူတွေက အသီးသီး ပြောင်းရွေ့ကုန်ပြီးပေါ့။ မြို့ထဲမှာကလည်း လူက ၂၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်”ဟု ၎င်းက ဆိုသည်။
သို့သော်လည်း လက်ရှိတွင် မြို့ပေါ်အခြေအနေမှာ တိတ်ဆိတ်ကာ မြို့ပေါ်ထဲတွင် စစ်ကောင်စီတပ်မှ လူများမရှိတော့သည့်အတွက် လေယာဥ်ဖြင့် ပစ်ချမည်ကို စိုးရိမ်းကြောင်း ၎င်းက ဆက်ပြောသည်။
“ သက်ဆိုင်ရာ စခန်းတွေကလူတွေကလည်း အကုန်လုံးပြေးနေကြပြီး၊ အကုန်လုံး ရှောင်နေကြပြီးဆိုပြီးတော့ အပေါ်က ကြဲချမယ်ဆိုရင်တော့ ခံရမှာပေါ့။ သံတွဲမြို့ကို အဲဒီလိုမလုပ်လောက်ပါဘူးဆိုပြီးတော့ ကျမတို့က နေနေတာပေါ့။ ကျမနေကတော့ ထောင်ဝန်ကျင်းနားမှာနေတော့ ထောင်ကိုတော့ လုပ်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ မြို့ထဲကိုကြဲတယ် ဘာညာကြားရင်တော့ ကျမတို့လည်း ရှောင်ရင် ရှောင်မှာပေါ့” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် ငပလီကမ်းခြေနှင့် မြို့မှာလေးမိုင်ခန့်လောက်သာဝေးပြီး လက်ရှိအချိန်ထိ ပစ်ခတ်သံများအား ဆက်တိုက်ကြားနေရသည်ဟု မြို့ခံများထံမှ သိရသည်။
တစ်ဖက်တွင်လည်း သံတွဲရဲစခန်းအား စွန့်ခွာပြီးနောက် ရဲဝန်ထမ်းတချို့မှာ ယနေ့ နံနက်ပိုင်းတွင် စခန်းအတွင်းသို့ ပြန်လည်ရောက်ရှိနေကြာင်းလည်း သတင်းများထွက်ပေါ်နေသည်။
စစ်ကောင်စီတပ်နှင့် AA တို့မှာ ငပလီကမ်းခြေတစ်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေပြီး AA အနေဖြင့် သံတွဲလေဆိပ်အား ဝိုင်းရံပိတ်ဆို့ထားပြီး ခလရ ၅၅၊ ခမရ ၅၆၆ တပ်ရင်းတို့ကိုလည်း ပိတ်ဆို့တိုက်ခိုက်လျှက်ရှိသည်ဟု ခိုင်လုံသည့် AA ၏ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ပုံစာ – လူသူကင်းရှင်းနေသည့် သံတွဲမြို့တွင်းအခြေအနေ။ ဓာတ်ပုံ – Kaung Myat Soe