မတ္တရာမြို့၊ လေကြောင်းရန်ကာကွယ်ရေးတပ်တိုက်ခံရပြီးနောက် တိုက်ပွဲပြင်းထန်နေ
***************
စကားမောင်
ဇွန် ၂၅၊ ၂၀၂၄
မန္တလေးတိုင်း၊ မတ္တရာမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်ကို မန္တလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံများထံက သိရသည်။
“အခြေအနေကတော့ ပတ်ပတ်လည်ကိုပိတ်ထားတာ။ လက်ရှိမှာတော့ တိုက်ပွဲတွေပြင်းထန်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ နံနက်အစောပိုင်းတွင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ် – MDY PDF ပူးပေါင်းတပ်က အဆိုပါလေကြောင်းကာကွယ်ရေးတပ်ကို တိုက်ခဲ့ပြီးနောက် တပ်ဆုတ်ချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ယနေ့ နေ့လည် ၁၂နာရီခန့်တွင် မန္တလေးမြို့ဘက်မှတက်လာသော စစ်ကောင်စီ Mi-35 ရဟတ်ယာဉ်ဖြင့် မတ္တရာမြို့ အရှေ့ခြမ်းရှိ မှော်နီကုန်းရွာနှင့် ပြည်သာအေးရွာကို ဗုံးကြဲခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ယနေ့နေ့လည် ၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များသည် မတ္တရာမြို့ထဲမှ ၁၂ ဘီးကား နှစ်စီး၊ အိမ်စီးကားတစ်စီး၊ ဖောကားနှစ်စီးဖြင့် မြောက်ဘက်ကို မောင်းသွားသည်ဟု Wetlet Information Network က ဖော်ပြထားသည်။
မတ္တရာမြို့ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိမ်းပိုက်ရရှိမှုအခြေအနေကို မေးမြန်းရာ “လောလောဆယ်တော့ သိမ်းတုန်းပဲနော်” ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ယနေ့ ၁ နာရီခွဲဝန်းကျင်တွင် သံလွင်ခက်ကို ပြောသည်။
ယင်းကိစ္စနဲ့ပတ်သက်၍ သံလွင်ခက်အနေဖြင့် နောက်ထပ် အတည်ပြုချက်ရရှိရန် ကြိုးစားဆဲဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ဇွန် ၂၅ ရက်မှစ၍ မန္တလေး-မိုးကုတ် ကားလမ်းနှင့် မန္တလေး-မြစ်ကြီးနား ကားလမ်းကို ည ၇နာရီမှ မနက် ၆ နာရီအတွင်း ခရီးသွားလာခြင်းမပြုရန်နှင့် သတ်မှတ်အချိန်အတွင်း ခရီးသွားလာပါက ကားမှန်များချပြီး မောင်းနှင်ကြရန်ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- Wetlet Information Network
****
Telegram – > https://t.me/ThanLwinKhetNews/4865
YouTube -> https://youtu.be/cX4S5k5y5QI
Website -> https://thanlwinkhet.com/?p=9302