သံလွင်ခက်
ဇူလိုင် ၂၄၊ ၂၀၂၄။
ရှမ်းမြောက် ကျောက်မဲမြို့နယ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင် သုံးရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၄ ဦးသေဆုံးခဲ့ကာ စစ်သုံ့ပန်း (၄၀) ဦးကိုဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့သည်ဟု TNLA က ယမန့်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အတွင်း စစ်ကောင်စီတပ်မ (၁၁) လက်အောက်ခံ ခလရ ၂၀၂၊ ၂၀၃ တပ်စွဲထားသည့် နမ့်ဆီလင်းဘုန်းကြီးကျောင်း၊ အေးရှားဝေါတိုးဂိတ်ကို TNLA နဲ့ ကျောက်မဲ- PDF ပူးပေါင်းတပ်တို့မှ တိုက်ခိုက်ခဲ့ပြီး MA1 (၂၆) လက်၊ MA3 (၁၆) လက်၊ MA4 (၄) လက်၊ MA11 (၁၂) လက်၊ MA2 (၁၀) လက်၊ ငကျည်းမီး (၁) လက်၊ 45 MM (၂) လက် 120 MM (၁) လက်နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း (၈၅) ခု သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အပြင် ယမန့်နေ့တွင် မိုးကုတ်မြို့နယ်ရှိ ရတနာကြေးမုံကျောင်း၊ ကုလားကျောင်းတို့တွင် နှစ်ဘက်တပ်အကြား တိုက်ပွား ဖြစ်ပွားခဲ့သလို နေ့လည်ပိုင်းတွင်လည်း မိုးကုတ်အရှေ့ပိုင်း ရဲစခန်းတွင် စစ်ကောင်စီတပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၇၁/ ၈၈) နှင့် TNLA၊ မိုးကုတ်ဗျူဟာ – PDF တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုထားသည်။
ယင်း ညနေပိုင်းတွင်လည်း မိုးကုတ်မြို့နယ်၊ ချမ်းသာကြီးရွာ၌ နှစ်ဘက်တပ်အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၉ ဦးကို ဖမ်းဆီးခံရပြီး သေနတ် (၁) လက် သိမ်းဆည်းခဲ့သလို မစိုးရိမ်ကျောက်တိုက်အနီးတွင် စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံးခဲ့ပြီး သေနတ် (၁၆) လက်၊ RPG (၁) လက်၊ ၆၀ မမ (၁) လက်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
ဓာတ်ပုံ – TNLA