ကောင်းချစ်အောင်
ဇူလိုင် ၂၃၊ ၂၀၂၄
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီး သုံးနှစ်အကြာ စစ်မျက်နှာပေါင်းစုံမှာ ရှုံးနိမ့်နေချိန်မှာ မြန်မာပြည်သူလူထုအကြား ဘဏ် လုပ်ငန်းတွေပြိုလဲတော့မယ်ဆိုတဲ့ ကောလဟာလဟာလည်း တဖြည်းဖြည်းကြီးထွားလာနေပါတယ်။
နိုင်ငံ့စီးပွားရေး မတည်ငြိမ်ဖြစ်နေချိန်မှာ မြန်မာစစ်တပ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်ထားနိုင်တဲ့ ခရိုနီ လုပ်ငန်းရှင်တွေသာ လုပ်ကိုင်ခွင့်ရခဲ့တဲ့ ဘဏ်လုပ်ငန်းတွေဟာလည်း အကြပ်အတည်းတွေကို စတင်ရင်ဆိုင်လာ နေရပြီဖြစ် ပါတယ်။
စစ်ကောင်စီရဲ့ ဖိအားပေးမှု၊ နိုင်ငံအနှံ့ဖြန့်ကျက်ထားတဲ့ဘဏ်ခွဲတွေရဲ့ လုံခြုံရေးကိစ္စတွေဟာ ခရိုနီဘဏ်လုပ်ငန်းရှင်ကြီးတွေ အဖို့ ရတတ်မအေးစရာ အခြေအနေတစ်ခုဖြစ်နေပါတယ်။
ပုဂ္ဂလိကဘဏ်တွေအတွက် အချက်ပေးခေါင်းလောင်းသံ
**********************
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအလွန် အစောပိုင်းကာလတွေမှာ ဘဏ်တွေနဲ့ ATM စက်တွေရှေ့မှာ ငွေထုတ်ယူဖို့ စီတန်းစောင့်ဆိုင်းနေကြရတဲ့လူတန်းကြီးတွေဟာ အခုလပိုင်းမှာ တဖန်ပြန်လည်ပေါ်ပေါက်လာပြန်ပါတယ်။
အကြောင်းကတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ရဲ့ ဇူလိုင်လ ၁ ရက်က ကြေညာတဲ့ထုတ်ပြန်ချက်ကြောင့် ဖြစ်ပြီး ဘဏ်တွေပြိုလဲသွားတော့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် ပြည်သူတွေဟာ သက်ဆိုင်ရာဘဏ်တွေကနေ ငွေသားပိုက်ဆံ တွေ အလုအယက်ထုတ်ယူခဲ့ကြတာပါ။
ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာ ချမှတ်ထားတဲ့ အိမ်ရာချေးငွေကန့်သတ်ချက်ထက် ပိုထုတ်ချေးထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဂ္ဂလိကဘဏ် ၇ ခုကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ နဲ့ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ ရိုးမဘဏ်မှာ ၁၁ ရာခိုင်နှုန်း၊ ဧရာဝတီ မှာ ၁ ဒဿမ ၉၆ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများ ဘဏ်မှာ ၈ ဒဿမ ၉၄ ရာ ခိုင်နှုန်း၊ အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှာ ၁ ဒဿမ ၀၁ ရာခိုင်နှုန်း၊ ယူအေ ဘီက ၃ ဒဿမ ၃၈ ရာခိုင်နှုန်း၊ မြန်မာမက်ထရိုမှာ ၀ ဒဿမ ၃၉၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ ဖြိုးရေးဘဏ်မှာ ၁၆ ဒဿမ ၃၄ ရာခိုင်နှုန်းတို့ကျော်လွန်ချေးထားတယ်လို့ ဆိုပါတယ်။
ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ မှာ ကျူးလွန်တဲ့သူကို သတိပေးတာ၊ ဒဏ်ကြေးငွေပေးဆောင်စေတာ၊ ငွေရေးကြေးရေးအဖွဲ့အစည်းတွေရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို ကန့်သတ်ချက်အပါအဝင်ဖြစ်တဲ့ အမိန့်တွေချမှတ်တာနဲ့ ငွေ ရေးကြေးရေးအဖွဲ့အစည်းအတွင်းတာ ဝန်ထမ်းဆောင်တာကနေ ယာယီရပ်ဆိုင်းတာ သို့မဟုတ် ရပ်စဲတာတို့ကိုလုပ်ဆောင် နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒီကြေညာချက်မတိုင်ခင်ကတည်းက ဘဏ်လုပ်ငန်းရှင်တွေကို နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။
စင်ကာပူနိုင်ငံ စတော့အိတ်ချိန်းဈေးကွက်မှာ စာရင်းသွင်းထားတဲ့ ရိုးမဘဏ်ဥက္ကဌ ဦးသိန်းဝေ (ခေါ်) ဆာ့ဂျ်ပန်း တစ်ယောက် မေလ ၂၇ ရက်ကတည်းက နေပြည်တော်မှာ အစစ်ဆေးခံနေရတယ်လို့ Yoma Strategic Holdings ကုမ္ပဏီက တရားဝင် ထုတ်ပြန်ထားပါတယ်။
အဲဒီလိုပဲ ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတအကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ CB ဘဏ်ဥက္ကဌ ဦးခင်မောင်အေးဟာ လည်း မေလဆန်းပိုင်းမှာ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ သတင်းတွေထွက်ပေါ်လာပြန်ပါတယ်။
တစ်ပူပေါ် နှစ်ပူဆင့်တဲ့ အစည်းအဝေး
**************************
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့စာရင်းတွေအရ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ် ၃၀ နီးပါးရှိပြီး ဦးအောင်ကိုဝင်း ပိုင် ဆိုင်တဲ့ ကမ္ဘောဇဘဏ်၊ ဦးဇော်ဇော်ပိုင်ဆိုင်တဲ့ ဧရာဝတီဘဏ်နဲ့ ဦးခင်မောင်အေး ပိုင်ဆိုင်တဲ့ CB ဘဏ်တို့ဟာ ငွေကြေးဓန အင်အားအရအကြီးမားဆုံးဘဏ်တွေဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဇူလိုင် ၁၀ ရက်မှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တွေကိုခေါ်ယူကာ နေပြည်တော်မှာအစည်း အဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ စစ်ကောင်စီ၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးကိုယ်တိုင် ဦး ဆောင်ကျင်းပတာဖြစ်ပြီး ဘဏ်လုပ်ငန်းရှင်တွေအများအပြားကိုတစ်နေရာတည်းမှာ စုစည်းတွေ့ရှိရပါတယ်။
လူမြင်ကွင်းမှာကာလအတော်ကြာ ပျောက်နေတဲ့ အကြီးဆုံးဘဏ် ကမ္ဘောဇဘဏ် ဥက္ကဌဦးအောင်ကိုဝင်းနဲ့ အရေးယူခံရမဲ့စာ ရင်းထဲမှာပါတဲ့ ဧရာဝတီဘဏ်ဥက္ကဌဦးဇော်ဇော်တို့အပါအဝင် ပုဂ္ဂလိကဘဏ်အသီးသီးကတာဝန်ရှိသူတွေပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ရိုးမဘဏ်ဥက္ကဌဦးသိန်းဝေကိုမတွေ့ရသလို CB ဘဏ် ဥက္ကဌ ဦးခင်မောင်အေး အစား ဒုဥက္ကဌဖြစ်သူသာ အစည်းအဝေးတက်ရောက်ခဲ့တာကို တွေ့မြင်ရပါတယ်။
စီးပွားရေးလက်ဝါးကြီးအုပ်မှု၊ ဈေးကစားမှုတို့အပြင် တည်ဆဲဥပဒေတွေဖောက်ဖျက်ပြီး နိုင်ငံတော်ရဲ့ငွေကြေး၊ ပစ္စည်းနဲ့ပိုင် ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေရင် အရေးယူမယ်လို့စစ်ကောင်စီဘက်က သတိပေးပြောဆိုခဲ့တာပါ။
တစ်ဖက်မှာလည်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ -IMF ရဲ့ ၂၀၂၄ ဧပြီလမှာ ထုတ်ပြန်တဲ့ စာရင်းမှာလည်း မြန်မာနိုင်ငံရဲ့ငွေ ကြေးဖောင်းပွမှုနှုန်းဟာ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က ၅ ဒဿမ ၇ ရာခိုင်နှုန်းရှိခဲ့တာကနေ ၂၀၂၃ ခုနှစ်မှာတော့ ၂၇ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ်အတွင်းမှာလည်း ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၅ ရာခိုင်နှုန်းအထိ ဆက်ပြီးမြင့်တက်နေမှာဖြစ်တယ်လို့ လည်း IMF က ခန့်မှန်းထားပါတယ်။
မင်းအောင်လှိုင်နဲ့ နီးကပ်တဲ့ ဘဏ်ခရိုနီဘီလျံနာများ
***********************
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တည်ထားတဲ့ မာရဝိဇယဗုဒ္ဓကျောက်ဆစ် ဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးအတွက် ဧရာဝတီဘဏ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့ဟာ အလှူငွေထည့်ဝင်တဲ့ အထဲပါဝင်ခဲ့ကြပါတယ်။ မာရဝိဇယအတွက် အလှူရှင် ၁၀၁ ဦးက စုစုပေါင်းငွေကျပ် ၁၆ ဒဿမ ၁၇၇ ဘီလီယံကို လှူဒါန်းခဲ့ ကြတာဖြစ်ပါတယ်။
အာဏာရှင်ဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ရင်းနီးတဲ့ဆက်ဆံရေးကနေတဆင့် စီးပွားရေးအင်ပါယာ ဆက်တိုက် ချဲ့ထွင်ခဲ့တဲ့ ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းဟာလည်း သရေစည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ စည်သူဘွဲ့သုံးခုအထိ ချီး မြှင့်ခံခဲ့ရသူဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ဟာ ၂၀၁၂ ကနေ ၂၀၁၇ အထိ ၇ နှစ်ဆက်တိုက် ဝင်ငွေခွန်အများဆုံးထမ်းဆောင်မှု အတွက် နိုင်ငံတော်သမ္မတရဲ့ အထူးဂုဏ်ထူးဆောင်ဆုကိုလည်း ရရှိခဲ့ပါတယ်။
လက်ရှိ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဦးသိန်းဝေဟာ စစ်ကောင်စီအတွက် အရေးကြီးတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့အတွက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတင်ပဲ စစ်ကောင်စီဟာ သီရိပျံချီဘွဲ့တံဆိပ် ပေးအပ်ခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်ဆေးခံရမယ့် ဘဏ်စာရင်းထဲပါဝင်တဲ့ ဧရာဝတီဘဏ်ရဲ့ဥသျှောင် ဦးဇော်ဇော်ဟာလည်း မြန်မာစစ်တပ် ဗိုလ်ချုပ် တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုတည်ဆောက်ထားပြီး ၂၀၁၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံ၏ထိပ်တန်းအခွန်ထမ်း တွေထဲက တစ်ဦးအဖြစ် နိုင်ငံတော်အဆင့် ထူးချွန်ဆုချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေကြောင့် အထိနာနေတဲ့ ကမ္ဘောဇ
************************
ကမ္ဘောဇဘဏ်ဟာ ဗဟိုဘဏ်ကချမှတ်ထားတဲ့ချေးငွေသတ်မှတ်ချက်ထက် ပိုမိုနေတယ်လို့ပြောဆိုမှုတွေရှိနေပေမယ့် ဦး အောင်ကိုဝင်းဟာ မင်းအောင်လှိုင်နဲ့နီးကပ်သူဖြစ်တဲ့အတွက် လက်ရှိအချိန်အထိ အရေးယူမခံရသေးတာလို့ ပညာရှင်တွေက သုံးသပ်နေကြပါတယ်။
ဒါပေမယ့် ဦးအောင်ကိုဝင်းရဲ့အကျိုးစီးပွားတွေကို ထိခိုက်စေတာဟာ တော်လှန်ရေးတပ်တွေရဲ့စိုးမိုးနယ်မြေကျယ်ပြန်လာမှု ကြောင့်ဖြစ်ပါတယ်။
ကမ္ဘောဇဘဏ်ဟာ နိုင်ငံအနှံ့ဘဏ်ခွဲ ၅၀၀ ကျော်ဖြန့်ကျက်ထားတယ်ဆိုပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ၊ စစ်အာဏာသိမ်းမှု ဖြစ်စဉ်တွေနောက်ပိုင်း အခုနှစ်ဇူလိုင်လစာရင်းတွေအရ သူတို့ရဲ့ဝဘ်ဆိုဒ်ကနေ တရားဝင်ဖော်ပြထားတဲ့ဘဏ်ခွဲ ၄၁၁ ခုသာရှိ တယ်လို့တွေ့ရပါတယ်။
အဲဒီအထဲကမှ ဘဏ်ခွဲ ၈၅ ခုဟာ လက်ရှိမှာ ပိတ်ထားရပြီး ကမ္ဘောဇဘဏ်ခွဲစုစုပေါင်း ၃၂၆ ဘဏ်ဖွင့်ထားပါတယ်။
အာရက္ခတပ်တော်- AA ထိုးစစ်ဆင်နေတဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘဏ်ခွဲ ၁၂ ခုအထိ ပိတ်ထားရပြီး တရုတ်အကျိုးစီးပွားတွေ တည်ရှိနေတဲ့ ကျောက်ဖြူမြို့ပေါ်က ဘဏ်ခွဲတစ်ခုသာလက်ရှိမှာ လည်ပတ်နိုင်တော့တာပါ။
ထို့အတူ တော်လှန်ရေးတပ်တွေအားကောင်းနေတဲ့ ကရင်နီပြည်နယ်က ဘဏ်ခွဲ ၃ ခုလုံးဟာလည်း ရပ်တန့်နေပြီဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ ဘဏ်ခွဲ ၄၆ ခုရှိတဲ့အနက် ၁၃ ခုမှာ ပိတ်ထားရပြီး ရှမ်းမြောက်ဒေသက ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် အခုထက်ပိုပြီး ဆိုးဝါးလာတဲ့ အလားအလာရှိနေပါတယ်။
ပြီးခဲ့တဲ့လက တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မိုးကုတ်မြို့အနောက်ပိုင်းမှာရှိတဲ့ ကမ္ဘောဇနဲ့ CB ဘဏ်တွေက ငွေကျပ်သိန်းနှစ် သောင်းကျော်ကို စစ်ကောင်စီတပ်သားတွေက ယူဆောင်သွားခဲ့တယ်လို့ တအောင်းတပ် TNLA က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ရဲ့ဖိအားပေးမှုတွေ၊ နယ်မြေလုံခြုံရေးအရဘဏ်တွေရဲ့ငွေကြေးစီးဆင်းမှုယုတ်လျော့လာမှုတွေကြောင့် ပြည်တွင်းဘဏ်စနစ်ကို မြန်မာပြည်သူတွေဟာ ယုံကြည်မှုကျဆင်းလာကာ ငွေသားအလုအယက်ထုတ်ယူမှုတွေ ပိုမိုများပြား လာပါတယ်။
ဗဟိုဘဏ်ရဲ့ ဒုဥက္ကဌဦးဝင်းသော်ကတော့ မြန်မာပုဂ္ဂလိကဘဏ်တွေ ဒေဝါလီခံပြိုလဲနိုင်စရာလုံးဝမရှိကြောင်းပြောဆိုမှုတွေရှိ နေပေမယ့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အစည်း -IMF ရဲ့အဆိုအရ ဘဏ်တွေမှာ ငွေအစုလိုက်အပြုံလိုက် ထုတ်ယူမှုကို တချိန်တည်း ကြုံနေရတာဟာ ဘဏ်တွေကပ်ဆိုက်လာတာလို့ ဆိုထားပါတယ်။