ကောင်းချစ်အောင်
ဇူလိုင် ၂၇၊ ၂၀၂၄
အာဏာသိမ်းမှုအစောပိုင်းကာလတွေမှာ ပေါ်ထွက်ခဲ့တဲ့ “တပ်ပျက်နေပြီ” ဆိုတဲ့ ကြွေးကြော်သံတွေဟာ ၂၀၂၃ နှစ်ကုန် ပိုင်းအရောက်မှာ ပိုမိုပီပြင်လာပါတယ်။ မဟာဗျူဟာကျကျစုဖွဲ့တိုက်ခိုက်မှုဟာ ခေတ်မှီစစ်တပ် တစ်ရပ်လို့ နိုင်ငံတ ကာအသိုင်းအဝိုင်းကသတ်မှတ်ခဲ့ကြတဲ့ မြန်မာစစ်တပ်ဟာ ဖရိုဖရဲ ရှုံးနိမ့်စေနိုင်တယ်ဆိုတာကို နိုင်ငံ့အရှေ့မြောက်ဖျား ပိုင်းက ပေါ်ထွက်လာတဲ့ ၁၀၂၇စစ်ဆင်ရေးက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမလှိုင်းကို ပြီးခဲ့တဲ့ ၂၀၂၃အောက်တိုဘာ ၂၇ ရက်ကနေ အခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိသတ်မှတ်နိုင်ပြီး ဒုတိယလှိုင်းကတော့ ဇွန်လ ၂၅ ရက်ကနေလက်ရှိ အချိန်အထိ ဖြစ်ပါတယ်။
စစ်ဆင်ရေးရဲ့ တိုက်ပွဲတွေကြောင့် တရုတ်–မြန်မာကုန်သွယ်ရေးတစ်ခုလုံးနီးပါး ရပ်တန့်ခဲ့ရတဲ့အတွက် တရုတ်အစိုးရ ဘက်ကနေစစ်ဆင်ရေး ပထမလှိုင်းကို ရပ်တန့်ဖို့ ဖိအားပေးညှိနှိုင်းပေးခဲ့ပါတယ်။
တကျော့ပြန် ဒုတိယလှိုင်းမှာလည်း တရုတ်အစိုးရရဲ့ဖိအားဟာ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့ နှစ်ဘက်စလုံးအပေါ် သက် ရောက်နေပြန်ပြီး တိုက်ပွဲတွေရပ်တန့်ဖို့ ဖိအားပေးတယ်ဆိုတဲ့ အသံတွေလည်း ကျယ်ကျယ်လောင်လောင် ပေါ်ထွက်ခဲ့ ပါတယ်။
ဒီဖိအားတွေအောက်ကပဲ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကတော့ မြို့၃မြို့အထိ သိမ်းပိုက်ထားနိုင်နေပြီ ဖြစ်ပါတယ်။
၁၀၂၇ ကနေ တရုတ်ဘယ်လောက်အထိနာသလဲ
****************
၁၀၂၇ စစ်ဆင်ရေးရဲ့ပထမလှိုင်းဟာ ညီနောင်သုံးဖွဲ့အတွက် စခန်း၃၀၀ ကျော်၊ မြို့ပေါင်း ၁၇ မြို့အထိရရှိခဲ့ပြီး ဒေသ တွင်းအုပ်ချုပ်ရေးကို တည်ဆောက်နိုင်ခဲ့တဲ့အထိ အောင်မြင်မှုရရှိခဲ့တာပါ။
တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျင်းရဲ့ ကြားဝင်စေ့စပ်ပေးမှုကနေ ပေါ်ပေါက်လာတဲ့ တရုတ်မြေပေါ်က ကူ မင်းဆွေးနွေးပွဲတွေဟာ စစ်ဆင်ရေးကာလတလျှောက် စစ်ကောင်စီအတွက် သက်သာရာရစေခဲ့ပေမယ့် လောက်ကိုင် မြို့ကျအပြီးစတုတ္ထအကြိမ် ဆွေးနွေးပွဲမှာမှ နှစ်ဘက်အပစ်ရပ် သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။
ဟိုင်ဂင်လို့အမည်ရတဲ့ ဟိုတယ်တစ်ခုမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်မှာ တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အဓိကကတိကဝတ်ပေးခဲ့ကြပြီး ကုန်သွယ်ရေးမှာ ညီနောင်သုံးဖွဲ့က ၇၀ ရာခိုင်နှုန်း၊ စစ်ကောင်စီက ၃၀ ရာ ခိုင်းနှုန်း သဘောတူညီခဲ့ကြတယ်လို့ ဆိုကြပါတယ်။
အဲဒီသဘောတူညီချက်ကို နှစ်ဘက်ခေါင်းဆောင်တွေကအတိအလင်းထုတ်ဖော်ခဲ့တာမျိုးမတွေ့ရတဲ့အပြင် တရုတ်– မြန်မာကုန်သွယ်ရေးလမ်းကြောင်းဟာလည်း တွက်ဆထားသလိုပြန်လည် လည်ပတ်နိုင်ခြင်းမရှိခဲ့ပါဘူး။
တရုတ်– မြန်မာနယ်စပ် မူဆယ်၊ ချင်းရွှေဟော် ဂိတ်နှစ်နေရာကနေကုန်သွယ်မှုတန်ဖိုးဟာ တစ်ရက်ကို အမေရိကန် ဒေါ် လာ ဆယ်သန်းကျော်ရှိတာကြောင့် ကိုးလနီးပါးအကြာမှာ ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီ ဆုံးရှုံးမှုရှိ တယ်လို့ ဆိုနိုင်ပါတယ်။
စစ်ပွဲမဖြစ်ခင် မနှစ်က အောက်တိုဘာလ ၁၄ ရက်ကနေ ၂၄ ရက်နေ့အထိ ၁၀ ရက်အတွက် ချင်းရွှေဟော်နယ်စပ်ဂိတ် ကနေ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၈၃၇ သန်းဖိုး တရုတ်ဘက်ကို တင်ပို့ခဲ့ပြီး၊တရုတ်ဘက်ကနေ မြန်မာကိုတင်သွင်း တဲ့ ကုန်သွယ်မှုတန်ဖိုးကအမေရိကန် ဒေါ်လာ ၂၃ ဒဿမ ၁၁၁ သန်းရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဌာနရဲ့ အောက်တိုဘာလ ၂၇ ရက်စာရင်းမှာ ဖော်ပြထားပါတယ်။
အဲဒါကြောင့် ကုန်သွယ်မှုရပ်ဆိုင်းရာမှာ တရုတ်ဘက်ကပိုဆုံးရှုံးခဲ့ပြီး ကချင်ပြည်နယ်က နယ်စပ်မြို့၊ လွယ်ဂျယ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထပ်သိမ်းပိုက်ခဲ့ပါတယ်။
ကုန်သွယ်ရေးမှသည် ဓာတ်ငွေ့ပိုက်လိုင်းဆီသို့
**************************
၁၀၂၇ စစ်ဆင်ရေးရဲ့ပထမလှိုင်းကြောင့် မန္တလေးကနေ မူဆယ်မြို့အထိ ရှည်လျားတဲ့ အမှတ် ၃ ပြည်ထောင်စုလမ်းမ ကြီးတလျှောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးဟာ ပြတ်တောက်သွားခဲ့ရပြီဖြစ်ပါတယ်။
ဒုတိယအကြိမ် စစ်ဆင်ရေးဖြစ်ပွားရာနေရာတွေကတော့ တရုတ်ရဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာဒေသတွေ ဖြစ်လာ ပါတယ်။ဓာတ်ငွေ့ပိုက်လိုင်းဟာ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကနေရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အထိ ၇၉၃ ကီလိုမီ တာ ရှည်လျားပါတယ်။
ပိုက်လိုင်းဖြတ်သန်းသွားတဲ့ နောင်ချို၊ ကျောက်မဲမြို့နယ်တွေဟာစစ်မီးအတောက်လောင်ဆုံးနေရာတွေဖြစ်နေပြီး စစ် ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အရပ်သား ၄၆ ဦးသေဆုံးပြီး ၃၅ ဦးဒဏ်ရာ ရကာအဆောက်အဦး ၁၅၀ ကျော်ပျက်စီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။
ပိုက်လိုင်းကနေ ၈၀ မီတာသာကွာ၀ေးတဲ့ နောင်ချိုမြို့နယ် ချိုခမ်းဘုန်းကြီးကျောင်း၀င်းအတွင်း လက်နက်ကြီးကျည် တစ်လုံးကျရောက်ခဲ့တဲ့အတွက် တရုတ်အစိုးရအတွက်တော့ စိုးရိမ်စရာအခြေအနေတစ်ခု ဖြစ်လာပါတယ်။
စစ်ကောင်စီဖျက်ဆီးခဲ့တဲ့ တရုတ်အကျိုးစီးပွား
******************
မန္တလေးတိုင်း၊ မတ္တရာမြို့ အရှေ့တောင်ဘက် အယ်လ်ဖာဘိလပ်မြေစက်ရုံမှာရှိတဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ မန်း-PDF ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေ စက်ရုံဝင်းကနေဆုတ်ခွာချိန်မှာအဆောက်အအုံတစ်ခုကို မီးရှို့သွားတဲ့မှတ်တမ်းဓာတ်ပုံတစ် ပုံလည်း ပါဝင်ခဲ့ပါတယ်။
ဘိလပ်မြေစက်ရုံစီမံကိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃ ရက် မှာတရုတ်ကုမ္ပဏီ Anhui Conch Cement ကုမ္မဏီနဲ့ မြန်မာပိုင် မြင့်ရင်းနှီးမြှုပ်နှံရေးကုမ္မဏီလီမီတက်တို့ကို စပ်တူ အကျိုးစီးပွားအနေနဲ့ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
စီမံကိန်းအတွက် ကနဦး မတည်ရင်းနှီးငွေဟာ အမေရိကန်ဒေါ်လာ၂၄.၇၅ သန်းဖြစ်ပြီး၊ စီမံကိန်းတစ်ခုလုံးရဲ့ ရင်းနှီးမြှုပ် နှံမှုမှာဒေါ်လာ ၂၁၉ သန်းရှိတယ်လို့ မြန်မာနောင်းသတင်းဌာနကထုတ်ဖော်ရေးသားထားပါတယ်။
တရုတ်ကုမ္ပဏီဘက်က ဒေါ်လာ ငွေသား ၂၄.၇၅ သန်းထည့်ဝင်ပြီး၊ကုမ္ပဏီနှစ်ခုက ဖက်စပ်ထည့်ဝင်တဲ့ ဘိလပ်မြေစက် ရုံအတွက်စက်ပစ္စည်းဝယ်ယူတင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၁၇၄ သန်း ရှိတယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံသားပိုင်လုပ်ငန်းတစ်ခုကို စစ်ကောင်စီက ပထမဆုံးဖျက်ဆီးခဲ့တဲ့ လုပ်ရပ်ဖြစ်လာခဲ့ပေမယ့် တရုတ်ဘက်က စစ်ကောင်စီအပေါ် ထုတ်ပြန်ချက်တစုံတရာ ကြေညာထားတာမျိုးမရှိသေးပါဘူး။
ဒါပေမယ့် တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်မြောက်ပိုင်းက တိုက်ပွဲတွေအခြေနေကို အနီးကပ်စောင့်ကြည့်နေပြီး အပစ် အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေကို ထိန်းသိမ်းဖို့ တွန်းအားပေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မိုနင်းက အခုရက်ပိုင်းမှာ ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
အမှန်တကယ် တရုတ်က အပစ်ရပ်စေချင်သလား
**************
၁၀၂၇ စစ်ဆင်ရေးကို တရုတ်ကျူးကျော်စစ်လို့ ကြွေးကြော်ခဲ့ဖူးတဲ့ စစ်ကောင်စီဘက်ကလည်း ခုတစ်ကြိမ်မှာတော့ တ ရုတ်နဲ့နီးကပ်တဲ့ဆက်ဆံရေးကိုပဲ ချဉ်းကပ်လာတာ တွေ့ရပါတယ်။
သမ္မတဟောင်းဦးသိန်းစိန်၊ ဒုစစ်ခေါင်းဆောင်စိုးဝင်းတို့ရဲ့ တရုတ်ပြည်ခရီးစဉ်တွေဟာ နိုင်ငံတော်အဆင့်အဆောင် အယောင်နဲ့သွားရောက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ တရုတ်မြန်မာချစ်ကြည်ရေးခရီးစဉ်တွေလို့ အကြောင်း ပြထားပါတယ်။
စစ်ကောင်စီရဲ့ အရေးပေါ်သက်တမ်းကာလဟာ အခုလကုန်ဆိုရင်ကုန်ဆုံးမှာဖြစ်ပြီး ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပမယ့် အချိန်နဲ့ နီးကပ်နေချိန်လည်း ဖြစ်ပါတယ်။
ဒီအချိန်မှာ ယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ ဦးမြင့်ဆွေဟာကျန်းမာရေးမကောင်းတဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက အနားယူသွားခဲ့ပြီး သူ့နေရာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ယာယီတာဝန်ယူသွားမယ်လို့ စစ်ကောင်စီက ဇူလိုင် ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။
ညီနောင်သုံးဖွဲ့ခေါင်းဆောင်တွေကတော့ ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းဟာ တရုတ်ဖိအားကြောင့် ထင်သလောက်ခရီးမ ရောက်ခဲ့ဘူးလို့ BNI နဲ့ သီးသန့်အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
သိမ်းပိုက်ဖို့ရည်ရွယ်ထားတဲ့ လက်ကျန်နေရာတွေကို ဒုတိယလှိုင်းမှာ ဆက်လက်ထိုးစစ်ဆင်နေတာတွေ့ရပြီး ခုတစ် ကြိမ်မှာလည်းတရုတ်က အပစ်ရပ်ဖို့ ဖိအားပေးမှုတွေ ဆက်တိုက်ရှိခဲ့ပါတယ်။
တရုတ်အစိုးရရဲ့စိုးရိမ်ချက်ကြောင့် ကိုးကန့်တပ်ဖွဲ့-MNDAA က ဇူလိုင် ၁၄ မှ ၁၈ ရက်အထိ ၄ ရက်ကြာ အပစ်ရပ်မယ် လို့ ကြေညာခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ မျက်နှာစုံညီအစည်းအဝေးကြောင့်လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဇူလိုင်လကုန်အထိ စစ်ဆင်ရေးတွေရပ်တန့်ထားမယ်လို့ ထပ်မံကြေညာခဲ့ပေမယ့် တစ်ဖက်မှာ လည်းလားရှိုးမြို့မှာ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတာ တွေ့ရပါတယ်။
တအာင်းတပ်ရဲ့ အတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်တားဘုန်းကျော်ကတော့ အပစ်ရပ်မှာကို ဘဝင်မကျကြောင်း ပြတ်သား တဲ့သဘောထားကို သူ့ရဲ့လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ် သမ္မတဟောင်းလည်းဖြစ်တဲ့ ဦးသိန်းစိန်ရဲ့တရုတ်ခရီးစဉ်၊ သမ္မတဖြစ်ဖို့ ရေပန်းစားလာ မှုနဲ့ ကိုးကန့်တပ်ဖွဲ့ရဲ့ အပစ်ရပ်ကြေညာချက်တွေဟာ တရုတ်အစိုးရဘက်ကနေ ဝင်ရောက်စွက်ဖက်နေတယ်ဆိုတာ မြင် သာလှပါတယ်။
ရက်ပေါင်း ၃၀ မြို့၃မြို့
*************
တရုတ်အစိုးရဲ့ဖိအားတွေကြားမှာ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းဟာ ဇူလိုင်လ ၂၅ ရက်မှာဆိုရင် တစ်လပြည့်မြောက်ခဲ့ ပြီဖြစ်ပါတယ်။
ရှမ်းတောင်တန်းတွေကို ကျော်လွန်ကာ မန္တလေးတိုင်းထဲအထိထိုးစစ်မြှားဦးဝင်ရောက်လာခဲ့တဲ့ စစ်ဆင်ရေးဟာ လက် ရှိမှာအောင်မြင်မှုတွေ ရရှိနေပြီ ဖြစ်ပါတယ်။
မန္တလေးမြို့နဲ့ မိုင် ၅၀ အကွာမှာရှိတဲ့ စဉ့်ကူးမြို့ကို မန်း-PDFနဲ့ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားသလို မတ္တရာ၊ သ ပိတ်ကျင်းမြို့နယ်တွေက စစ်ကောင်စီစခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်။
TNLA ကလည်း အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့နောင်ချိုမြို့ကို ထိန်းချုပ်ထားနိုင်နေပြီး လားရှိုးနဲ့ မန္တလေးအကြားလမ်းပိုင်းကို ဖြတ်တောက်ထားနိုင်နေပါတယ်။
အခြေချစစ်ဗျူဟာတစ်ခုရှိတဲ့ မိုးကုတ်မြို့ကိုလည်း ဇူလိုင် ၂၄ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပြီး စစ်ကောင်စီက တော့ မြို့ပေါ်ရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။
ကိုးကန့်တပ်– MNDAA တပ်ကတော့ တိုင်းစစ်ဌာနချုပ်ရှိရာလားရှိုးမြို့ကို အဓိကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၃ ရက် အကြာဇူလိုင် ၂၅ ရက်မနက်ပိုင်းမှာ ရမခဌာနချုပ်ကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကိုးကန့်တပ်ဖွဲ့တွေဟာ လားရှိုးမြို့ မြို့တော်ခန်းမအပါအဝင် မြို့လယ်ခေါင်နေရာတွေကို ထိန်းချုပ်ထားနိုင်နေပြီး စစ်ကောင်စီရုံးတွေရှေ့မှာ အလံထောင်နေတဲ့ ပုံရိပ်တွေလည်း တွေ့မြင်နေရပါတယ်။
တရုတ်အကျိုးစီးပွားတွေဟာ မြန်မာနိုင်ငံနေရာအနှံမှာ တည်ရှိနေပြီး BRI စီမံကိန်းတစ်စိတ်တစ်ပိုင်းအနေနဲ့ သတ်မှတ်တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်း၊ ကုန်သွယ်ရေးနဲ့ ပြောင်းလဲလာတဲ နိုင်ငံရေးအခင်းအကျင်းမှာ တရုတ်အစိုးရရဲ့ဖိအားပေးစွက်ဖက်မှု တွေရှိနေပြီး ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းဟာ လားရှိုးလို စစ်တိုင်းဌာနချုပ်ကို သိမ်းပိုက်ထားနိုင်တဲ့အထိ အရှိန်ပြင်း ထန်နေဆဲ ဖြစ်ပါတယ်။