ဘုန်းမောင်
နိုဝင်ဘာ ၄၊ ၂၀၂၄။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်းနည်းတူနောက်ထပ် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သော ရုရှားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်အပြင် မြန်မာ၊ လာအို၊ ဗီယက်နမ် စသည့်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံနှင့်လည်း နယ်နိမိတ်ချင်းထိစပ်နေပါသည်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံတွင်လည်း ပဋိပက္ခများကျယ်ပြန့်ကြီးမားလာနေသဖြင့် ဘေဂျင်းသည် ၎င်း၏အကျိုးစီးပွားများလုံခြုံသေချာစေရန် ကြီးမားသောနှောင့်ယှက်မှုများနှင့် ရင်ဆိုင်နေရသည်။
သို့သော် တရုတ်နိုင်ငံ၏ မြန်မာအပေါ်ထားရှိသောမူဝါဒက မှားယွင်းသောယူဆချက်များ အပေါ်အခြေခံထားသဖြင့် ၎င်း၏ကိုယ်ပိုင်အကျိုးစီးပွားကိုလည်းထိခိုက်စေပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာစစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ တရုတ်နိုင်ငံ၏ပေါ်လစီကိုလေ့လာကြည့်လျှင် အကောင်းဟူ၍မရှိခဲ့သလောက်ဖြစ်ပြီး အာဏာသိမ်းမှုကိုလည်း အစိုးရအပြောင်းအလဲဟူ၍သာ တရုတ်နိုင်ငံကဖော်ပြခဲ့သည်။ မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ- SAC ဟူသောစစ်အုပ်ချုပ်ရေးစနစ် စတင်ထူထောင်ခဲ့သည်။
သို့သော် အာဏာသိမ်းကနဦးကာလများမှာတော့ တရုတ်နိုင်ငံက မြန်မာစစ်ကောင်စီအား ကူညီထောက်ပံ့မှု များပေးအပ်ခဲ့ခြင်းမရှိသည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ကိုလည်း နိုင်ငံရေးပါတီအဖြစ်က ရပ်စဲခြင်းမပြုရန် မြန်မာစစ်အာဏာရှင်များအား တရုတ်နိုင်ငံက ဖိအားပေးခဲ့သည်။ သို့သော် NLD ပါတီအ ပါအဝင်ပါ တီပေါင်း ၄၀ သည် မှတ်ပုံတင်ခြင်းမရှိသည့်အတွက် ဖျက်သိမ်းလိုက်သည်ဟု ၂၀၂၃ ခုနှစ် မတ် လ ၂၈ ရက် တွင် စစ်ကောင်စီကထုတ်ပြန်ကြေညာခဲ့သည်။
အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်းမှာတော့ ဘေဂျင်းက ၎င်းတို့၏အကျိုးစီးပွားကိုသာ ကာကွယ်နေခဲ့သော်လည်း နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံသည် စစ်ကောင်စီအား နှစ်ဆတိုးထောက်ပံ့လာခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား လက်နက်များဆက်လက်ရောင်းချနေသည့်အပြင် တရုတ်နိုင်ငံကနည်းပ ညာရှင်များသည် မြန်မာ့ကာကွယ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေကြောင်း အထောက်အထားများလည်းရှိနေသည်။ တရုတ်နိုင်ငံက မြန်မာစစ်တပ်အား နည်းပညာပိုင်းဆိုင်ရာတွင် မျှဝေပေးနေသည်ကထင်ရှားသည်။ ဒရုန်းတိုက်ပွဲများတွင် အသုံးပြုနေသည့် လက်နက်ခဲယမ်းများကလည်း တရုတ်ထုတ်ခဲယမ်းများဖြစ်သည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် မြန်မာစစ်ကောင်စီအား သံတမန်နည်းလမ်းအရချုပ်ကိုင်ထားနိုင်ခဲ့ သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းကကျင်းပခဲ့သော တတိယအကြိမ်မြောက်ရပ်ဝန်းနှင့်ပိုးလမ်းမထိပ်သီးအစည်းအဝေးအပါအဝင် မည်သည့်အစည်းအဝေးတွင်မျှ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အား တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းမရှိပေ။ ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား ပြီးခဲ့သော ဇူလိုင်လတုန်းက တရုတ်နိုင်ငံကဖိတ်ကြားခဲ့ပြီး တရုတ်နိုင်ငံကဦးဆောင်ဖွဲ့စည်းထားသော ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တက်ရောက်ရန် ဖိတ်ကြားခြင်းဖြစ်သည်။
အာဆီယံထိပ်သီးအစည်းအဝေးများသို့လည်း မြန်မာနိုင်ငံက နိုင်ငံရေးမဟုတ်သောကိုယ်စားလှယ်များကိုသာ အာဆီယံကတက်ရောက်ခွင့်ပြုထားပြီး တရုတ်နိုင်ငံကလည်း အာဆီယံဆုံးဖြတ်ချက်ကို ဆက်လက် ထိန်းသိမ်းထားသည်။
ထို့ပြင် မြန်မာ့အရေးဖြေရှင်းရန်အတွက် ထိုင်းနိုင်ငံဦးဆောင်သော Track 1.5 ကဲ့သို့ သောဆွေးနွေးပွဲများကိုလည်း တရုတ်နိုင်ငံက ထောက်ခံထားသည်။ Track 1.5 ဆိုသည်မှာ မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော တရုတ်နှင့်အိန္ဒိယကဲ့သို့သောနိုင်ငံများအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၊ မြန်မာစစ်ကောင်စီနှင့် ပညာရှင်များပါဝင်သောအဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့အား ထိုင်းနိုင်ငံကဦးဆောင်နေပြီး မြန်မာ့အရေးဖြေရှင်းရန်ကြိုးပမ်းဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။
တရုတ်နိုင်ငံ၏ အဓိကစိုးရိမ်မှုမှာ ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားများအား အကာအကွယ်ပေးရန်ဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံရှိတရုတ်တို့၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများနှင့် ဝမ်ပေါင်ကြေးနီစီမံကိန်းတို့အား ကာကွယ်ပေးရန်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း၌ တရုတ်နိုင်ငံ၏ နောက်ထပ်ဦးစားပေးလုပ်ငန်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆိပ်ကမ်းရှိ အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။
မြန်မာနိုင်ငံတွင်းရှိ တရုတ်တို့၏စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများ နှေးကွေးနေသောကြောင့် ဘေဂျင်းက စိတ်ပျက်နေသည်မှာ ကြာမြင့်နေပြီလည်းဖြစ်သည်။ တရုတ်တို့၏စီမံကိန်းများတွင် တရုတ်နယ်စပ်သို့ ရထားလမ်းနှင့်ကားလမ်းချိတ်ဆက်မှုများပါဝင်နေသည်။ သံတမန်နည်းလမ်းအရ အထီး ကျန်နေသော မြန်မာစစ်ကောင်စီထံက နောက်ထပ်လိုက်လျောမှုများရှိနေသော်လည်း စီမံကိန်းတိုးတက်မှုများကတော့ ရပ်ဆိုင်းနေခဲ့သည်။
တော်လှန်ရေးအဖွဲ့များက နယ်စပ်နှင့် အရင်းအမြစ်များထိန်းချုပ်ခြင်း
*********
ပြီးခဲ့သော ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA နှင့် အာရက္ခတပ်တော်- AA တို့က ‘၁၀၂၇ စစ်ဆင်ရေး’ပထမလှိုင်းအား စတင်ခဲ့သည်။ ညီနောင်မဟာမိတ်အဖွဲ့များသည် လွန်ခဲ့သောနှစ်များ အတွင်း တရုတ်နိုင်ငံ၏ထောက်ပံ့မှုများအား ပုံစံအမျိုးမျိုးဖြင့်ရရှိခဲ့သော်လည်း ‘၁၀၂၇ စစ်ဆင်ရေး’ စတင်ပြီး မြန်မာစစ်တပ်အားထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်မှာတော့ မြန်မာစစ်တပ်၏အဆုံးအရှုံးများနှင့်အတူ တရုတ်နိုင်ငံ၏ညီနောင်မဟာမိတ်အဖွဲ့များအပေါ်ရပ်တည်ချက်ကလည်း တင်းမာလာခဲ့သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ကဲ့သို့သော တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များသည် လက်ရှိအချိန်မှာတော့ တရုတ်- မြန်မာနယ်စပ်ဖြတ်ကျော်မှုများအားလုံးကို ထိန်းချုပ်နိုင်ပြီလည်းဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစ၍ နယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံရှိခဲ့သည်။ တရုတ်နိုင်ငံ၏အလုံးစုံကုန်သွယ်မှုများနှင့်နှိုင်းယှဥ်ပါက အဆိုပါပမာဏမှာ ကြီးကြီးမားမားမဟုတ်သော်လည်း စီးပွားရေးတိုးတက်မှုနှေးကွေးနေသောဒေသများ အထူးသဖြင့် ယူနန်ပြည်နယ်အတွက်တော့ အရေး ပါသောပမာဏဖြစ်သည်။ နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများခံထားရသော စစ်ကောင်စီအတွက်တော့ နိုင်ငံခြားငွေပြတ်လပ်မှုများနှင့်ရင်ဆိုင်နေရသဖြင့် နယ်စပ်ကုန်သွယ်ရေးက စစ်ကောင်စီအဖို့ ငွေရေးကြေးရေးဆိုင်ရာ အဓိကအသက်သွေးကြောကြီးပင်ဖြစ်သည်။
မြန်မာစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အပြစ်ပေးဒဏ်ခတ်ရန်ဟူသောရည်ရွယ်ချက်ဖြင့် မကြာသေးခင်ကပဲ တရုတ်နိုင်ငံက နယ်စပ်ဂိတ် ၅ ဂိတ်ကို ပိတ်ပစ်လိုက် သည်။ MNDAA ကိုလည်း ဖိအားများထပ်မံတိုးမြှင့်ပေးနိုင်ရန်အတွက် ယူနန်အစိုးရက လောက်ကိုင်ဒေသအား လျှပ်စစ်မီးပေးဝေနေခြင်းနှင့် အင်တာနက်ဝန်ဆောင်မှုများအား ဖြတ်တောက်ပစ်လိုက်သည်။
သို့သော် တကယ့်မြေပြင်ပေါ်ရှိအချက်အလက်များကတော့ ပြောင်းလဲနေပါသည်။ လက်ရှိအချိန်မှာတော့ ကျောက်စိမ်းနှင့် ရှားပါးသတ္တုများအပါအဝင် သယံဇာတအရင်းအမြစ်များကို အတိုက်အခံအင်အားစုများက ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံကထွက်ရှိသော သဘာဝသယံဇာတစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းသည် တိုင်းရင်းသားထိန်းချုပ်နယ်မြေများအတွင်း တည်ရှိနေသောကြောင့် တရုတ်နိုင်ငံသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ဆန့်ကျင်ဘက်ပြုရတော့မည်ဖြစ်သည်။
အခြားသောတရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ယခုအခါမှာတော့ အတိုက်အခံများထိန်းချုပ်နယ်မြေများတွင် တည်ရှိနေပြန်သောကြောင့် ၎င်းတို့အနေဖြင့်လည်း NUG သို့မဟုတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများထံ အခွန်ပေးဆောင်ရမည်ဖြစ်သည်။
အာရက္ခတပ်တော် – AA သည် ကျောက်ဖြူမြို့ကို သိမ်းပိုက်ခြင်းမပြုသေးသော်လည်း ရခိုင်ပြည်နယ်ရှိ နယ်မြေအားလုံးနီးပါးကို ထိန်းချုပ်ထားပြီးဖြစ်သည်။ အထူးစီးပွားရေးဇုန်အတွင်း မည်သည့်ဖွံဖြိုးတိုးတက်ရေးမဆို အာရက္ခတပ်တော်နှင့် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်သည်။ အမ်းမြို့ကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့မည်ဆိုပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းထိန်းချုပ်ရေးစခန်းကိုပါ AA ကထိန်းချုပ်နိုင်မည်ဖြစ်သည်။
(ယခုဆောင်းပါးရေးသားနေချိန်မှာပဲ အမ်းမြို့ကို AA ကသိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း သတင်းများထွက် ပေါ်လျက်ရှိသည်)
AA က စစ်တွေဆိပ်ကမ်းမြို့အနီးတဝိုက်တွင် နယ်မြေစိုးမိုးရေးအတွက်ထိန်းချုပ်ထားရာ အိန္ဒိယအစိုးရအနေဖြင့်လည်း ၎င်းတို့၏ မြန်မာ့အရေးနှင့်ပတ်သက်သောမူဝါဒကို ပြန်လည်သုံးသပ်ကာ အာရက္ခတပ်တော်၊ NUG တို့နှင့် ချိတ်ဆက်ဆောင်ရွက်ဖို့ကြိုးစားနေသည်။
စိတ်ပျက်နေသောလက္ခဏာများ
**********
ပြီးခဲ့သောအောက်တိုဘာ ၂၇ ရက် ‘၁၀၂၇ စစ်ဆင်ရေး’စတင်ချိန်ကစ၍ တရုတ်နိုင်ငံက မြန်မာစစ်တပ်ထံ လက်နက်များပေးအပ်ခဲ့သည်။ Guizhou Aviation Industries က ထုတ်လုပ်သော FTC – 2000G တိုက်လေယာဥ် ၆ စင်းကို မြန်မာစစ်တပ်က ပိုင်ဆိုင်ခဲ့သည်။ Guizhou Aviation Industries သည် ကြီးမားကျယ်ပြန့်သောစစ်ဘက်ဆိုင်ရာလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် AVIC ၏ဌာနခွဲတစ်ခုဖြစ်သည်။
မြန်မာစစ်တပ်သည် ၎င်းတို့ဆုံးရှုံးခဲ့သောနယ်မြေများအား ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိတော့သည့်အတွက် လေကြောင်းအဓိကထားကာ အရပ်သားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်နေချိန်မှာပဲ တစ်ဖက်တွင်လည်း လူအင်အားဆုံးရှုံးမှုများနှင့်ရင်ဆိုင်နေရသည်။ နိုင်ငံတဝန်း တိုက်ပွဲများပြင်းထန်နေပြီး မြို့များအား စစ်ကောင်စီကလက်လွှတ်ဆုံးရှုံးနေရချိန်တွင် လူအင်အားဖြည့်တင်းနိုင်ရန် စစ်မှုထမ်းအပတ်စဥ် ၆ အား ခေါ်ယူလိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်သတင်းစာများ၌ အောက်တိုဘာ ၁၉ ရက်တွင်ဖော်ပြသည်။
ခန့်မှန်းခြေတပ်ဖွဲ့ဝင်အင်အား ၃၀,၀၀၀ ပြည့်မီရန် စစ်ကောင်စီက တပ်သားသစ်များခေါ်ယူနေသော်လည်း တပ်ဖွဲ့ဝင်အသစ်များအနေဖြင့် လေ့ကျင့်ချိန်မပြည့်ဝခြင်း၊ လိုအပ်သောအထောက်အပံ့များ အပြည့်အဝမပေးနိုင်ခြင်း၊ စိတ်ဓာတ်အင်အား ညံ့ဖျင်းခြင်းများနှင့် ရင်ဆိုင်နေရသည်။
ယခုလအစောပိုင်းတွင်လည်း စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းတွင် နှစ်ဖက်တပ်များအကြား ၁ လနီးပါးအကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအင်အား ၃၀၀ ဝန်းကျင် လက်နက်ချအညံ့ခံခဲ့သည်။ မြန်မာစစ်တပ်သည် ၎င်းတို့တပ်ဖွဲ့ဝင်များအား အချိန်မီထောက်ပံ့နိုင်ခြင်းမရှိတော့သည့်အပြင် ကျန်တပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံတဝန်းရှိ ဝေးလံသီခေါင်သောစခန်းများတွင် ဖြန့်ကျက်ထားရသည်။
မြစ်ကြောင်းများအတွင်းသွားလာနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း PDF များနှင့် EAO များက ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။ စိတ်ဓာတ်ကျဆင်းနေပြီဖြစ်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အလွယ်တကူပင် လက်နက်ချလာကြသည်။
‘၁၀၂၇ စစ်ဆင်ရေး’အတွင်းဆုံးရှုံးသွားသောနယ်မြေများအားပြန်လည်သိမ်းယူနိုင်ရန် မြန်မာစစ်တပ်က တန်ပြန်ထိုးစစ်စတင်ခဲ့သော်လည်း ကန့်သတ်ချက်များရှိနေစဲသာဖြစ်သည်။
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တိန့်ရှီကျွန်းနှင့် မြန်မာနိုင်ငံက အင်အားကြီးတိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သော UWSA တို့ ပြီးခဲ့သောဇူလိုင်လအတွင်းတွေ့ဆုံခဲ့ကြောင်း ပေါက်ကြားလာသောစာရွက်စာတမ်းအရသိရပြီး စစ်အာဏာရှင်များပြိုလဲနိုင်ခြေနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများက ထင်ရှားသိသာလာတော့သည်။
MNDAA အား ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်ကင်းကင်းနေရန် တရုတ်နိုင်ငံက ဖိအားများပေးခဲ့ပြီး NUG နှင့် ပူးပေါင်းဆောင်ရွက်သွားမည်မဟုတ်ကြောင်း MNDAA က လူသိရှင်ကြားထုတ်ဖော်ကြေညာခဲ့ရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည်လည်း နေပြည်တော်သို့လာရောက်ပြီး စစ်ကောင်စီအား ငွေကြေးဆိုင်ရာအကူအညီများပေးအပ်ခဲ့သည်။ အဆိုပါချေးငွေများက မြန်မာနိုင်ငံအတွက် တရားမဝင်သောအစိုးရတစ်ရပ်ကို ထုတ်ချေးခြင်းသာဖြစ်၍ နောင်အနာဂတ်ကာလတွင်ပေါ်ပေါက်လာမည့် ဒီမိုကရေစီအစိုးရအနေဖြင့် အဆိုပါချေးငွေများ ပြန်လည်ပေးအပ်မည်မဟုတ်ကြောင်း ပြင်းထန်သည့်သတိပေးချက်ကို NUG ကထုတ်ပြန်ခဲ့သည်။
အသိပညာကင်းမဲ့ခြင်းများ
***********
အထက်ဖော်ပြပါအကြောင်းအရာများက “မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပဖို့ တရုတ်ကဘာကြောင့် တောင်းဆိုနေရတာလဲ” ဟူသောအကြောင်းများပင်ဖြစ်လေသည်။ စစ်တပ်သည် ပဋိပက္ခများအလွန် အစိုးရ တစ်ရပ်ဖွဲ့စည်းရာတွင် ၎င်း၏နိုင်ငံရေးဩဇာကို ဆက်လက်ထိန်းသိမ်းရန် နည်းလမ်းတစ်ခုအဖြစ်တည်ရှိနေလိမ့်မည်ဟု ဘေဂျင်းက ရှုမြင်ထားသည်။
သာမန်အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသော မြန်မာစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လာစေရန် တရုတ်နိုင်ငံက လက်နက်များပေးအပ်နေပြီး နိုင်ငံရေးသက်ဆိုးရှည်ရန်ကြိုးစားနေသော မြန်မာစစ်အာဏာရှင်များ၏အပြုအမူများကိုတော့ တိန့်ရှီကျွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘေဂျင်း၏သံတမန်သစ် Ma Jia တို့က မသိကျိုးကျွံပြုထားပုံပေါ်သည်။
အရှင်းလင်းဆုံးနှင့် အထင်ရှားဆုံးသောအချက်တစ်ချက်မှာ တရုတ်နိုင်ငံသည် သမိုင်း၏အဓမ္မဘက်ခြမ်း၌ ရှိနေသည်ဆိုခြင်းပင်။ တရုတ်သံတမန်များနှင့် အသိပညာထုံမွှမ်းထားသော တရုတ်သုတေသနပညာရှင်များက မိုက်ရူးရဲဆန်သောပုဂ္ဂိုလ်များ မဟုတ်ကြပါ။ ထိုသို့ဆိုပါက အနှီပညာရှိများသည် အဆိုပါအမှားကိုပင် ဘာကြောင့် ထပ်မှားနေရပါသနည်း.?
ယင်းသို့ဖြစ်ရခြင်းမှာ ၎င်းတို့၏အတွေးအခေါ်နှင့် သုတေသနပိုင်းတွင် မျက်စိကွယ်နေခြင်းကြောင့်လည်း ဖြစ်သည်။ အာဏာရှင်အစိုးရတစ်ရပ်ဖြစ်သော တရုတ်နိုင်ငံအဖို့တော့ ၎င်းတို့ကဲ့သို့ အာဏာရှင်နိုင်ငံတစ်နိုင်ငံ၏ကျရှုံးခန်းအား ဝမ်းမြောက်ဝမ်းသာကြိုဆိုမည်မဟုတ်ပါ။
စစ်စစ်တော့ စစ်ကောင်စီအား တရုတ်ကထောက်ခံလိုက်ခြင်းသည် ကြောက်စိတ်ကြောင့်ဖြစ်ပေါ်လာသော အတွေးအခေါ်တစ်မျိုးဖြစ်သည်။ တရုတ်သည် ၎င်း၏နယ်နိမိတ်အနီးဖြစ်ပွားနေသော ဖက်ဒရယ်ဒီမိုကရေစီဆိုသောအယူအဆအတွက် အလွန်အမင်းစိတ်မသက်မသာဖြစ်နေရပါသည်။
ယခုတော့လည်း တရုတ်နိုင်ငံက စစ်ကောင်စီကို အပြည့်အဝထောက်ခံလိုက်ပြီပဲဖြစ်သည်။ စစ်တပ်သည် တရုတ်၏အကျိုးစီးပွားကို အကောင်းဆုံးကာကွယ်ပေးမည့်သူများဖြစ်သည်ဟု တရုတ်က ယုံကြည်လိုက်ပြီပဲဖြစ်သည်။ တစ်ချိန်တည်းမှာပဲ NUG နှင့် ၎င်း၏မိတ်ဘက်များကလည်း ရွေးကောက်ပွဲများကို လုံးဝ လက်ခံမည်မဟုတ်သလို သမိုင်းကြောင်းအရဆိုလျှင်လည်း ယုံကြည်စရာလုံးဝမရှိသော မြန်မာစစ်အာဏာရှင်များနှင့် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်မည်မဟုတ်ပါ။
ယုံကြည်ထိုက်ဖွယ်မရှိသော စစ်အာဏာရှင်များကို စားပွဲဝိုင်းတွင်နေရာပေးခြင်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်၏အင်အားစုများကိုဖြိုခွင်းဖို့ နောက်ထပ်အခွင့်အရေးပေးခြင်းသာဖြစ်သည်။ အတိတ်ကာလများကို မျှော်ငေးကြည့်တတ်လိမ့်မည်ဆိုပါက ဒုက္ခလှိုင်းတွေကြားထဲ ပြင်းထန်စွာရုန်းကန်ခဲ့ရသော မြန်မာပြည်သူပြည်သားများကို မုချတွေ့ရပေလိမ့်မည်။
(ပါမောက္ခ ဇာခရီအဘူဇာ ရေးသားသော “China Undermines Its Interests By Boosting Support For Myanmar’s Faltering Junta”ကို ဆီလျော်အောင်ရေးသားသည်။)