PNO ပြည်သူ့စစ်တစ်ဦး PNLAထံအလင်းဝင်
***********************
သံလွင်ခက်
ဇန်နဝါရီ ၂၉ ၊ ၂၀၂၄ ။
စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်တစ်ဦးသည် စစ်ကောင်စီအတွက် ပအိုဝ်း အချင်းချင်းမတိုက်ခိုက်လိုသဖြင့် PNLA ထံ အလင်းဝင်ရောက်လာခဲ့သည်ဟု ယနေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)သတင်းထုတ်ပြန်သည် ။
လက်နက်နှင့်တကွ အလင်းဝင်ခဲ့သည့် PNO ပြည်သူ့စစ်အား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က နွေးထွေးစွာကြိုဆိုခဲ့ပြီး လိုအပ်သည်များနှင့် ဆုကြေးငွေများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့ပြင် အလင်းဝင်လာသည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်ကိုလည်း လွတ်လပ်စွာသွားလာနေထိုင်ခွင့်ပြုခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည် ။
ပအိုဝ်းဒေသအတွင်း၌ လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)အနေဖြင့် ပအိုဝ်းအချင်းချင်းတိုက်ခိုက်မည်မဟုတ်ဟုလည်း အသိပေးထားသည်။
ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီ
လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် လုပ်နေရသောသူများအနေဖြင့် စစ်အာဏာရှင်အတွက် မရပ်တည်တော့ဘဲ အချိန်မှီလက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းကာ အလင်းဝင်ကြရန် တိုက်တွန်းပါသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်ထားသည် ။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတွင် ယခုဇန်နဝါရီလ တတိယအပတ်တွင်းမှစ၍ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တပ်များနှင့် PNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည် ။
စစ်ရေးတင်းမာနေသည့်ကာလအတွင်း၌ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ခေါင်းဆောင်များက ပအိုဝ်းလူငယ်များကို လက်နက်တပ်ဆင်ခြင်းများနှင့် တပ်သားသစ်စုဆောင်းခြင်းများပြုလုပ်နေသည်။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3192
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7391